တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများအား ဆက်တိုက်ဖမ်းဆီးနေ 

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကျပ်လာပြီးနောက် ဒေသခံများ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။ ယင်းအထဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ နှင့် အမျိုးသမီးများလည်း ပါဝင်နေသည်။ 

By Admin 30 Nov 2023

စစ်တွေမြို့အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (ဓာတ်ပုံ - File Photo - 2019)
စစ်တွေမြို့အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (ဓာတ်ပုံ - File Photo - 2019)

DMG ၊ နိုဝင်ဘာ ၃၀ 

ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ မြို့နယ်တို့တွင် ယခုရက်ပိုင်း အရပ်သားပြည်သူများအား စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။  

DMG စုံစမ်းချက်အရ စစ်ကောင်စီက ဖမ်းဆီးထားသူများမှာ ကျောက်ဖြူတွင် ၁၆ ဦး၊ တောင်ကုတ်တွင် ၁၁ ဦး၊ သံတွဲတွင် ၃ ဦး၊ ရမ်းဗြဲတွင် ၁ ဦး ဖြစ်သည်။ ယခုလအတွင်း စစ်ကောင်စီက ကျောက်ဖြူမြို့ ဒေသခံ ၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ  ၇ ဦးမှာ နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လွတ်လာခဲ့သည်။  

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကျပ်လာပြီးနောက် ဒေသခံများ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။ ယင်းအထဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ နှင့် အမျိုးသမီးများလည်း ပါဝင်နေသည်။ 

နိုဝင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သည် ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်မှ  ဦးမောင်သိန်းကြည်၊ ဦးဘခင်အောင်၊ ဦးထွန်းမင်းဌေး၊ ဦးတင်မောင်ချေ၊ ကိုအောင်သန်းစိုး၊ ကိုရင်ကြီးတို့ကို စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ 

“ဘယ်ကိုခေါ်သွားလဲ မသိသလို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာလည်း မသိရဘူး။ ဖမ်းသွားတယ်ဆိုရင်လည်း နေရာအတိကျလောက်တော့ သိချင်ပါတယ်။ အခုက ဘာမှမသိရတော့ မိသားစုဝင်တွေမှာ  စိုးရိမ်နေကြရတယ်” ဟု ဖမ်းဆီးခံထားရသူများနှင့်  နီးစပ်သူတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ဒေသခံ ၁၁ ဦးကိုလည်း စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်တွင် ဖမ်းဆီးသွားခဲ့ပြီး ယခုအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။ 

“ဒီနေ့ဆိုရင် ၁၇ ရက်တောင် ရှိပါပြီ။ ကျန်ခဲ့တဲ့ မိသားစုဝင်တွေမှာ ကြောက်လန့်စိတ်တွေနဲ့ နေထိုင်နေရတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့နဲ့ပတ်သက်ပြီး ဘာမှအကြောင်းပြန်လာတာ မကြားရသေးပါဘူး” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။  

နိုဝင်ဘာ ၂၈ ရက်ကလည်း ရမ်းဗြဲမြို့၊ အမှတ်(၆) ရပ်ကွက်မှ ဦးလှထွန်းဖြူကို  စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ပြီး သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေးရွာမှ ဒေါ်ရီရီခင်နှင့် သမီးဖြစ်သူ မရွှေရီဝင်း တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။  

သံတွဲဒေသခံ အမျိုးသားတစ်ဦးက “ဘာကြောင့်ဖမ်းဆီးသွားမှန်းမသိဘူး။ သူ့ယောကျ်ားကို လိုက်ရှာနေတယ်လို့ သတင်းထွက်နေတယ်။ အခုက ယောက်ျားကိုရှာမတွေ့လို့ တွေ့တဲ့လူကို ဖမ်းဆီးသွားတာလို့ ပြောနေကြတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက်မှစကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲစတင်လာသည်နှင့် တပြိုင်နက် စစ်ကောင်စီက ဒေသခံများကို AA နှင့်ဆက်စပ်သံသယဖြင့် လိုက်လံရှာဖွေဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း AA က ပြောဆိုထားသည်။ 

စစ်ကောင်စီက အရပ်သားပြည်သူများအား ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းမှာ အကြောက်တရား လွှမ်းမိုးအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ရှုမြင်ကြသည်။ 

“တိုက်ပွဲစဖြစ်တာနဲ့ စစ်ကောင်စီက လူဖမ်းပွဲ စတော့တာပဲ။ ဘာအပြစ်မှ လုပ်ထားတာမရှိပေမယ့်လည်း ကျီးလန့်စာ စားနေရသလိုပဲ အမြဲ စိုးရိမ်နေရတယ်။ အခုဆိုရင် စစ်ကောင်စီဟာ ယောကျာ်း၊ မိန်းမ အကုန်လုံးကို သံသယနဲ့ ကြည့်တယ်။ လိုက်ဖမ်းတယ်” ဟု ရခိုင်က တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီက ဒေသခံနေအိမ်များအား ညအချိန်ဝင်ရောက်ကာ ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ စစ်တွေ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ ဒေသခံ ၇၀ ထက်မနည်းကို ဖမ်းဆီးထားကြောင်း သိရသည်။ 

#D003 #DMG 

ဗီဒီယိုများ