ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန် 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂,၀၀၀ ခန့်သည် မေလ ၅ ရက် ညနေပိုင်းက “အာရက္ခတပ်တော်(AA) အလိုမရှိကြောင်း” ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

By Admin 06 May 2024

ဘူးသီးတောင်မြို့တွင် မေလ ၅ ရက်က AA အလိုမရှိကြောင့် ဆန္ဒပြခဲ့သည့် မွတ်ဆလင်များ။ 
ဘူးသီးတောင်မြို့တွင် မေလ ၅ ရက်က AA အလိုမရှိကြောင့် ဆန္ဒပြခဲ့သည့် မွတ်ဆလင်များ။ 

DMG ၊ မေ ၆ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂,၀၀၀ ခန့်သည် မေလ ၅ ရက် ညနေပိုင်းက “အာရက္ခတပ်တော်(AA) အလိုမရှိကြောင်း” ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

“AA အလိုမရှိ၊ မွတ်ဆလင်လူမျိုးများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် AA အဖွဲ့အား ICJ အရေးယူပေးရန်၊ AA အဖွဲ့ မွတ်ဆလင်လူမျိုးများအား လူသားဒိုင်းပြုလုပ်မှုချက်ချင်းရပ်၊ မွတ်ဆလင်ကျေးရွာ/ရပ်ကွက်များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု ချက်ချင်းရပ်” စသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

မွတ်ဆလင်များမှာ အမှတ် (၁) အထကကျောင်းတွင်စုဝေးပြီး ၎င်းနေရာမှ နတ်ပင်ရင်းလမ်းဆုံ၊ အေးစေတီလမ်းဆုံ နှင့် ဘောလုံးကွင်းလမ်းတို့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

“အရင်တုန်းက ဆန္ဒပြသလိုမျိုး ပြကြတာ။ အဓိကတော့ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့်ပေါ့” ဟု ဘူးသီးတောင်ဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နှင့် ဧပြီလ ၁၂ ရက်ကလည်း မွတ်ဆလင်များက “AA အလိုမရှိကြောင်း” ဆန္ဒဖော်ထုတ်ခဲ့ကြသည်။  

စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့ရှိ မွတ်ဆလင်များအား အတင်းအဓမ္မခြိမ်းခြောက်ပြီး AA ကို ဆန္ဒဖော်ထုတ်ရန် ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။ 

“အခု ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် သူတို့ခိုင်းသမျှ အကုန်လုံးလုပ်နေကြရတယ်။ စစ်မှုထမ်းခိုင်းတယ်၊ ဆန္ဒပြခိုင်းတယ်။ မလုပ်ဘူးဆိုရင် ရိုက်နှိပ်တာတွေရှိတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။ 

ရခိုင်စစ်ပွဲအတွင်း အရှုံးနှင့်ကြုံတွေ့နေရသော စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေ၍ အထူးသတိထားရန်လိုအပ်ကြောင်း ရခိုင်နိုင်ငံသမားတစ်ဦးက ပြောသည်။ 

“စစ်ကောင်စီက စစ်တိုက်လို့မနိုင်ရင် လူမျိုးရေးပြဿနာဖြစ်အောင် ဖန်းတီးမယ်။ ပဋိပက္ခဖြစ်အောင်လုပ်မယ်။ ဒါတွေက စစ်ကောင်စီရဲ့ယုတ်ညံ့တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီကာလမှာ ရခိုင်နဲ့ မွတ်ဆလင် နှစ်ဖက်စလုံး အထူးသတိထားဖို့ လိုအပ်တယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ မွတ်ဆလင်များအား အတင်းအဓမ္မစေခိုင်းကာ ဆန္ဒပြပွဲများပြုလုပ်နေသဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲသို့ သက်ဆင်း မသွားစေရေးအတွက် သတိထားစောင့်ကြည့်ကြရန် AA ကလည်း တိုက်တွန်းထားသည်။ 

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီသည် စစ်သင်တန်းဆင်း မွတ်ဆလင်များအပြင် ARSA၊ ARA၊ RSO တို့နှင့်ပူးပေါင်းပြီး AA ကို တိုက်ခိုက်နေသည်။ 

ဗီဒီယိုများ