မုန်တိုင်းအလွန် အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ရှားပါးမျိုးစိတ်သတ္တဝါများ လာရောက်ကျက်စားမှု ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းသွား

အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့်နှင့် ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ကမ္ဘာ့ရှားပါးလိပ်များ နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည်။

By Admin 05 Jul 2023

မုန်တိုင်းကြောင့်ပျက်စီးပြုန်းတီးသွားသည့် နံ့သာကျွန်းမှ ဒီရေပင်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
မုန်တိုင်းကြောင့်ပျက်စီးပြုန်းတီးသွားသည့် နံ့သာကျွန်းမှ ဒီရေပင်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၅

ရှားပါးမျိုးစိတ်သတ္တဝါများ လာရောက်ကျက်စားလေ့ရှိသည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် မုန်တိုင်းအလွန်ကာလ၌ သတ္တဝါများ လာရောက်ကျက်စားမှု ၇၀ ရာခိုင်နှုန်းခန့်အထိ နည်းပါးသွားခဲ့ကြောင်း ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းမှ သိရသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့်နှင့် ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ကမ္ဘာ့ရှားပါးလိပ်များ နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည်။

“မိုခါ”မုန်တိုင်းတိုက်ခတ်ပြီးနောက် အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် ဒီရေတောများ၊ နှစ်ရှည်၊ နှစ်တို သစ်ပင်အများအပြား ပျက်စီးသွားခဲ့သဖြင့် ကျက်စားရာသတ္တဝါများ လာရောက်မှု နည်းပါးသွားသည်ဟု ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးက ပြောသည်။

“သတ္တဝါတွေရောက်တာ အရမ်းနည်းသွားတယ်။ သူတို့ စားကျက်မြေတွေကို မုန်တိုင်းကြောင့် အများကြီးဆုံးရှုံး လိုက်ရတယ်။ သူတို့ နားခိုမယ့်၊ သားဖွားမယ့်နေရာတွေ ဆုံးရှုံးသွားတယ်။ အပင်တွေလည်း မရှိသလောက် ဖြစ်သွားတယ်။ အရင်တုန်းက ဒီအချိန်ဆို ဗျိုင်းတွေ သားပေါက်ချိန်ဖြစ်နေပြီ။ အခုက ဒီရေတောပြုန်းသွားလို့ ဗျိုင်းတွေ လုံးဝမရှိတော့ဘူး”ဟု ဦးရန်နောင်စိုးက ဆက်ပြောသည်။

အဏ္ဏဝါ အမျိုးသားဥယျာဉ်သည် ဧကနှစ်သောင်းကျော် ကျယ်ဝန်းပြီး မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ကုန်းမြေဧရိယာထက်ဝက်ခန့် ပျက်စီးသွားခဲ့ရသည်။ အဆိုပါဥယျာဉ်ကို မုန်တိုင်းအလွန် တစ်လကျော်ကြာအထိ တစ်စုံတစ်ရာ လာရောက်ပြုပြင်ခြင်းများမရှိသေးကြောင်းလည်း သိရသည်။

မေယုမြစ်ဝတွင်တည်ရှိသည့် မုန်တိုင်းဒဏ်သင့် အဏ္ဏဝါအမျိုးသားဥယျာဉ်ကို အချိန်မီ မပြုပြင်မထိန်းသိမ်းပါက ယင်းအနီးအနားမှ ကျေးရွာများမှာ ဆိုးရွားသည့်သဘာဝဘေးအန္တရာယ်ကို ခံရနိုင်ကြောင်း ပြောဆိုကြသည်။

“ဒီကျွန်းသာ ဒီထက်မက ပိုပြီးပြိုပျက်သွားရင် အနီးအနားပတ်ဝန်းကျင် ရွာတွေက မှီခိုနေထိုင်လို့မရအောင် ဖြစ်သွားမယ်။ သဘာဝဘေးအန္တရာယ်ဒဏ်လည်း ဒီထက်မက ဆိုးရွားလာမယ်။ အထိန်းအကာမရှိတော့လို့ လှိုင်းလုံးကြီးတွေက တိုက်ရိုက်ဝင်လာမယ်။ ဆိုးကျိုးတွေကို ပိုခံစားလာရမယ့် သက်ရောက်မှုတွေရှိတယ်”ဟု ဦးရန်နောင်စိုးက ပြောသည်။

ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင်က “အဏ္ဏဝါ အမျိုးသားဥယျာဉ်ကို သစ်တောဦးစီးဌာနက Service လုပ်ရမှာကို လောလောဆယ်မှာ မလုပ်နိုင်သေးတာပေါ့။ အဲဒီဘက်ကို သီးသန့်အဖွဲ့လွှတ်ပြီးတော့မှ Service လုပ်ဖို့ အစီစဉ်တွေရှိပါတယ်”ဟု DMG သို့ ပြောသည်။

ပွင့်လင်းရာသီတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ငှက်အကောင်ရေ တစ်သိန်းနှစ်သောင်းခန့်မှာ ပုံမှန် လာရောက်ကျက်စားလေ့ရှိပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် အခြားရှားပါးငှက်မျိုးစိတ်များလည်း လာရောက်ကျက်စားကြကြောင်း သိရသည်။

လာရောက်ကျက်စားသည့် ရှားပါးငှက်မျိုးစိတ်များမှာ ယင်းဥယျာဉ်ထဲရှိ ဒီရေတောနှင့် နှစ်ရှည်သစ်ပင်များတွင် အသိုက်အအုံတည်ဆောက်ပြီး ငြိမ်းချမ်းစွာ နေထိုင်ခြင်းကြောင့် ရှားပါးငှက်မျိုးစိတ်များ ပြုန်းတီးမည့်အရေးမှ ကာကွယ်ပေးကြောင်းလည်း သိရသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်သည် ရခိုင်ပြည်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အရေးပါသဖြင့် ပြုန်းတီးသွားသည့် ဒီရေတောများနှင့် နှစ်ရှည်သစ်ပင်များကို အမြန်ဆုံးစိုက်ပျိုးရန် လိုအပ်သည်ဟု ရခိုင်ဒေသခံများက ပြောဆိုကြသည်။

“ဂေဟစနစ်တွေပျက်စီးနေတာ ကြာသွားရင် မကောင်းဘူး။ အဲဒါကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး လုပ်ဆောင်သင့်တယ်။ ပြည်သူတွေအနေနဲ့လည်း လာရောက်ကျက်စားတဲ့ငှက်တွေ သတ်ဖြတ်မစားသင့်ဘူး”ဟု မင်းပြားဒေသခံ ဒေါ်မြင့်မြင့်အေးက ပြောသည်။

ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လန်ပိကျွန်းကို ပထမဆုံးသတ်မှတ်ခဲ့ပြီး နံ့သာကျွန်းမှာ ဒုတိယမြောက် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

#R005

ဗီဒီယိုများ