တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဉီးတည်ပြီး စစ်လော်ဘီများ ဝါဒဖြန့်မှုလုပ်ဆောင်နေ 

စစ်လော်ဘီများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေး ပုံရိပ်ပျက်ကျဆုံးသွားစေရန် ရည်ရွယ်ချက်ဖြင့် KNU၊ PDF၊ AA၊ TNLA၊ MNDAA၊ KIA စသည့် တော်လှန်ရေးအဖွဲ့အစည်းများကို အဓိကဦးတည်ပြီး တယ်လီဂရန်မှတစ်ဆင့် ဝါဒဖြန့်မှုလုပ်ဆောင်နေသည်။ 

By Admin 07 May 2024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဉီးတည်ပြီး စစ်လော်ဘီများ ဝါဒဖြန့်မှုလုပ်ဆောင်နေ 

DMG ၊ မေ ၇

နိုင်ငံတစ်ဝန်းတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေပြီး ထိုအရာများကိုဖုံးဖိရန်အတွက် စစ်ကောင်စီလော်ဘီများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဦးတည်ကာ တော်လှန်ရေးပုံရိပ်ကို ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS)က ထုတ်ပြန်သည်။ 

စစ်လော်ဘီများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေး ပုံရိပ်ပျက်ကျဆုံးသွားစေရန် ရည်ရွယ်ချက်ဖြင့် KNU၊ PDF၊ AA၊ TNLA၊ MNDAA၊ KIA စသည့် တော်လှန်ရေးအဖွဲ့အစည်းများကို အဓိကဦးတည်ပြီး တယ်လီဂရန် လူမှုစာမျက်နှာမှတစ်ဆင့် ဝါဒဖြန့်မှုလုပ်နေခြင်းဖြစ်သည်။ 

“ဦးတည်ဝါဒဖြန့်တဲ့နေရာမှာလည်း လူမျိုးရေးပဋိပက္ခတွေနဲ့ အဖွဲ့အချင်းချင်းကြားမှာဖြစ်ခဲ့တဲ့ ပွတ်တိုက်မှုအချို့ကို အသုံးချပြီး အဓိက ပုံကြီးချဲ့ဖို့ကြိုးစားခဲ့ပါတယ်” ဟု BACS ၏ မေလ ၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

BACS လေ့လာစောင့်ကြည့်ချက်အရ ပြီးခဲ့သည့်လအတွင်း အာရက္ခတပ်တော်(AA)နှင့် မွတ်ဆလင်များကြား အမုန်းတရားဖြန့်သည့် ပို့စ် (၄၀) ကျော်နှင့် TNLA၊ MNDAA နှင့် KIA အဖွဲ့များကြား အမုန်းတရားဖြန့်သည့်ပို့စ် (၃၀) ကျော်ရှိခဲ့သည်။ 

စစ်ကောင်စီလော်ဘီများသည် ကျော်စွာ၊ ကိုသက်၊ ဘညွန့်၊ သဇင်ဦး၊ ရွှေဘ၊ ဟန်ငြိမ်းဦး စသည့် Telegram Channel(၁၀)ကျော်ဖြင့် ဝါဒဖြန့်သွေးထိုးလှုံဆော်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ဧပြီလအတွင်း ထူးခြားသည့်ဝါဒဖြန့်မှုဖြစ်စဉ်အချို့မှာ ရခိုင်ဒေသတွင် AA နှင့် မွတ်ဆလင်အရေး၊ ရှမ်းမြောက်က အုပ်ချုပ်ရေးနယ်မြေဆိုင်ရာ အငြင်းပွားဖြစ်စဉ်များနှင့်အတူ MNDAA ၏ တရားစီရင်သည့်ဖြစ်စဉ်များကို အသုံးချပြီး တော်လှန်ရေးရဲဘော်များနှင့် တော်လှန်ရေးတစ်ရပ်လုံးအပေါ် လူထုအထင်အမြင်လွဲမှားအောင် စစ်လော်ဘီများက ဝါဒဖြန့်ခဲ့သည်ဟု BACS ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။ 

တစ်နိုင်ငံလုံးတွင် စစ်ရှုံးနေချိန်တွင် စစ်ကောင်စီသည် ထွက်ပေါက်အနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်းဆီးကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား သွေးကွဲလာစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုကာ သွေးထိုးလှုံဆော်မှုများ လုပ်နေခြင်းဖြစ်သည်ဟု စစ်ရေးနိုင်ငံရေးအကဲခက်တို့က ရှုမြင်ကြ သည်။ 

“စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ စစ်ရှုံးလာတာကြောင့် ERO တွေနဲ့ PDF တွေ စည်းလုံးနေတာတွေကို လိုချင်မှာမဟုတ်ဘူး။ ရခိုင်မှာဆိုရင်လည်း စစ်အကြီးအကျယ်ရှုံးနေတော့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးကြား လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်မှုတွေကို မြေပြင်မှာရော Online မှာပါ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရတယ်။ အဓိကတော့ စစ်အရှိန်ကိုလျှော့ချဖို့ ကြိုးစားနေတာဖြစ်သလို တဖက်မှာလည်း ရခိုင်မှာ သူတို့မရှိတော့ရင် လူမျိုးရေးပြဿနာတွေနဲ့ ထားခဲ့ချင်တာဖြစ်တယ်” ဟု ရခိုင်က စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတဝန်းတွင် လက်နက်ကိုင်အဖွဲ့များ၏ အရှိန်အဟုန်မြှင့် စစ်ဆင်ရေးများကို အလူးအလဲရင်ဆိုင်နေရသည်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအတွက်သာမက စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်လိုသည့် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် သက်ရောက်မှုများစွာ ရှိနေသည်။ 

ဗီဒီယိုများ