- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မြန်မာအခြေစိုက် သံရုံးအကြီးအကဲများ မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်
စစ်ကောင်စီက ပြန်လည်လက်ခံရေးစခန်းများကို နိုင်ငံတကာအကြီးအကဲများအား ခေါ်ယူပြသနေခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးအောင်သောင်းရွှေက ဆိုသည်။
02 Sep 2023
DMG ၊ စက်တင်ဘာ ၂
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ အကြီးအကဲများနှင့် သံတမန်များ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
သံရုံးအကြီးအကဲများအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရခိုင်သို့ရောက်ရှိလာပြီး စစ်တွေမြို့ရှိ မွတ်ဆလင် ကျေးရွာအချို့နှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။
သက္ကယ်ပြင်စခန်းကော်မတီဝင် ဦးလှရွှေက “သူတို့ပြောခဲ့တာကတော့ မူလနေရာကို ပြန်သွားနိုင်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် လုပ်ဆောင်သွားမယ် ဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ ကျနော်တို့ ဒုက္ခသည်တွေက ဘာမှ မတောင်းဆိုလိုက်ရဘူး” ဟု ပြောသည်။
ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများမှာ စားဝတ်နေရေးကအစ အခက်အခဲရှိသဖြင့် မူလနေရာကို ပြန်ခွင့်ရရေးနှင့် လွတ်လပ်စွာသွားလာခွင့်ရရန် လိုအပ်ကြောင်း ဦးလှရွှေက ဆက်ပြောသည်။
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် နေထိုင်ခဲ့ကြသည့် မွတ်ဆလင်များမှာ ၂၀၁၂ ပဋိပက္ခကြောင့် သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်နေရခြင်းဖြစ်ပြီး လူဦးရေ သုံးထောင်ကျော် ရှိသည်။
မြန်မာအခြေစိုက် သံရုံးအကြီးအကဲများသည် စက်တင်ဘာလ ၂ ရက်နေ့တွင် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်း များသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။
ငါးခူးရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က“ဒီနေ့နံနက်ပိုင်းက သံတမန်အကြီးအကဲတွေ ရောက်ပြီးတော့ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတွေကို ရောက်ရှိခဲ့တယ်လို့ သိရတယ်။ ငါးခူရ လက်ခံရေးစခန်းကိုတော့ မရောက်လာဘူး”ဟု ဆိုသည်။
သံတမန်အကြီးအကဲနှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ် စစ်ကောင်စီ အတွင်းရေးမှူး ဦးကျော်သူဇော်က မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ MoU အရ မြန်မာနိုင်ငံဘက်မှ မွတ်ဆလင်များ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားသည့်များကို ရှင်းပြခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူနှင့် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ကနဦး ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပြီး မည်သည်နေ့တွင် လက်ခံသွားမည်ကို တိတိကျကျပြောဆိုခြင်း မရှိပေ။
စစ်ကောင်စီက ပြန်လည်လက်ခံရေးစခန်းများကို နိုင်ငံတကာအကြီးအကဲများအား ခေါ်ယူပြသနေခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးအောင်သောင်းရွှေက ဆိုသည်။
“NLD အစိုးရလက်ထက်ကလည်း မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ အကြီးအကဲတွေကို ခေါ်ပြီးတော့ လုပ်ခဲ့တာပဲ။ ဘာမှထူးခြားတာမရှိဘူး။ အခုလည်း စစ်ကောင်စီက ဒီလိုလုပ်နေတာပဲ။ ဒီဟာက လုပ်ရိုးလုပ်စဉ်တစ်ခုပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဆက်လက်ပြီး ဦးအောင်သောင်းရွှေက “ဒီကိစ္စဟာ ရခိုင်အရေးကိစ္စဖြစ်တယ်။ ရခိုင်မှာ အခုက ရက္ခိုင့်တပ်တော် (ULA/AA) နယ်မြေစိုးမိုးမှုတွေ အများကြီးရှိတယ်။ ပြည်သူလူထုထောက်ခံမှုတွေလည်း ရထားတာဆိုတော့ ULA/AA ရဲ့ သဘောထားတွေကို ရယူပြီးမှ မွတ်ဆလင် ပြန်လည်လက်ခံရေးကိစ္စတွေ ဖြစ်လာမယ်လို့ မြင်တယ်” ဟု ပြောသည်။
၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ် က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။ မြန်မာအာဏာပိုင်များကတော့ ထွက်ပြေးသွားသည့် မွတ်ဆလင်အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။
#R007