- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
တရုတ်-မြန်မာ နှစ်နိုင်ငံကြား တရားမဝင်ကုန်သွယ်မှု မြင့်တက်လာဟု ISP–Myanmar ဖော်ပြ
ပြီးခဲ့သည့်တစ်နှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုကွာဟချက်မှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယဉ်ပါက ကုန်သွယ်မှုပမာဏ နှစ်ဆနီးပါး တိုးလာကြောင်း ISP–Myanmar က ထောက်ပြသည်။
05 Aug 2023
DMG ၊ သြဂုတ် ၅
စစ်အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ မြင့်တက်လာနေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိခဲ့ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီစာရင်းအရ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိပြီး တရုတ်အကောက်ခွန် အထွေအထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)၏ စာရင်းမှာမူ တရုတ်နှင့် မြန်မာ ကုန်သွယ်မှုပမာဏ ၂၆ ဘီလီယံကျော်ရှိသည်ဟု ISP -Myanmar ၏ ဩဂုတ်လ ၃ ရက်နေ့ အစီရင်ခံစာက ဖော်ပြသည်။
ယင်းကြောင့် ပြီးခဲ့သည့်တစ်နှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုကွာဟချက်မှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယဉ်ပါက ကုန်သွယ်မှုပမာဏ နှစ်ဆနီးပါး တိုးလာကြောင်း ISP–Myanmar က ထောက်ပြသည်။
“တရုတ်နဲ့ မြန်မာ အကြား ကုန်သွယ်မှုကိန်းဂဏန်း ကွာဟချက် ကြီးမားလာတာဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှုတွေ များပြားလာတာကို ပြနေပါတယ်” ဟု ISP-Myanmar က ဆိုသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံထုတ်ပြန်ချက်အရ လစဉ်အလိုက် ကုန်သွယ်မှုကွာဟချက်မှာလည်း တစ်ဘီလီယံမှ နှစ်ဘီလီယံအကြား ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံအနေနှင့် နယ်စပ်ကုန်သွယ်ရေး ရရှိထားသော အိမ်နီးချင်း လေးနိုင်ငံထဲတွင် ထိုင်းကလွဲ၍ ကျန်သုံးနိုင်ငံမှာ ကုန်သွယ်ရေးကျဆင်းနေပြီး နိုင်ငံအလိုက် ကုန်သွယ်မှုမှာ တရုတ်က အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိကြောင်း ISP –Myanmar ဆိုသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကို ရင်ဆိုင်ရသော စစ်ကောင်စီက တရုတ်ကိုသာ အဓိကအမှီပြုလာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှုမြင်သည်။
“မြန်မာနိုင်ငံဟာ ကိုဗစ်နဲ့ နိုင်ငံရေးနဲ့ ဒဏ်အသီးသီးကြောင့် နလန်မထူနိုင်တော့ဘူး။ အခုလုပ်ငန်းတွေ ပြန်စကြမယ်ဆိုတော့လည်း တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မလုပ်နိုင်ဘူး။ ကျားသနားမှ နွားချမ်းသာမဲ့ အနေအထားမှာ အားကိုးစရာ တိုင်းပြည်မရှိတော့တဲ့အတွက် တရုတ်တွေ လုပ်သမျှကို ကောင်းကျိုးပေးနေရတဲ့ အနေအထားဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံနီးပါး ရှိသည့်အနက် တရုတ်က ၉ ဒသမ ၂ ဘီလီယံကျော်နှင့် ကုန်သွယ်မှု အများဆုံးနေရာတွင် ရှိနေကြောင်း ISP–Myanmar က ဖော်ပြသည်။
တရုတ်နှင့် တရားမဝင် ကုန်သွယ်မှုမှာ ယခင် စစ်အာဏာရှင်အဆက်ဆက်ကတည်းက ရှိခဲ့ပြီး လက်ရှိ နိုင်ငံတကာပိတ်ဆို့မှုကို ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီအတွက် တရုတ်က ထွက်ပေါက်ဖြစ်ကာ တရုတ်၏ ထွက်ပေါက်မှာလည်း မြန်မာဖြစ်နေကြောင်း လေ့လာသူများကဆိုသည်။
ယင်းကြောင့် တရားမဝင်ကုန်သွယ်မှုမှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်လာနိုင်ကြောင်း တရုတ်စီမံကိန်းအရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
“တရားမဝင်လုပ်ငန်းတွေ ဖြစ်တဲ့အတွက် လူတစ်စုလောက်ကပဲ ကြီးပွားလာမှာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းတွေက လုပ်ငန်းတွေ ရပ်ဆိုင်းလာမယ်။ ပြည်တွင်း ပြဿနာတွေလည်း ဖြစ်လာမယ်။ တရားမဝင်လမ်းကြောင်းကနေ ကုန်သွယ်နေမယ်ဆိုရင်တော့ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အကျဘက်ကို ဆင်းသွားမယ်” ဟု ၎င်းကပြောသည်။
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကို ရင်ဆိုင်နေရသော စစ်ကောင်စီ၏ အဓိကငွေမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကရရှိပြီး တစ်ဖက်တွင် စိုက်ပျိုးထွက်ကုန်များကို တရားမဝင် လမ်းများမှတစ်ဆင့် ကုန်သွယ်မှုများ လုပ်ဆောင်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံကျော် ရှိခဲ့ပြီး ယင်းအထဲတွင် သကြား၊ အဝတ်အထည်၊ လက်ဝတ်ရတနာနှင့် သဘာဝဓာတ်ငွေ့တို့ ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ အများဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး တန်ဖိုးရှိခဲ့ကြောင်း သိရသည်။
ယင်းပမာဏမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် တိုးလာသော်လည်း လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော် လျော့နည်းခဲ့ပြီး သတ္ထုတွင်းထွက်ပစ္စည်း တင်ပို့မှုနှင့် အခြားကုန်စည် တင်ပို့မှုများလည်း လျော့ကျခဲ့ကြောင်း ISP–Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။
#R010