- တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
စစ်ကောင်စီက မြို့တွင်းပစ်ခတ်မှု ပြုလုပ်နေ၍ မြောက်ဦးဒေသခံများ ထိတ်လန့်နေ
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့အတွင်း စစ်ကောင်စီက ၃ နာရီခန့်ကြာ ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းမှာ ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
04 Dec 2023
![မြောက်ဦးမြို့ဝင်တစ်နေရာ (File Photo/2022)](https://assets.dmediag.com/2023/Dec/mrauk_u_town.jpg)
DMG ၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်က မြို့အတွင်းလှည့်လှည်ကာ ၃ နာရီကြာ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီမှစ၍ စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ဗန္ဓုလတံတား၊ စံကားတောင်၊ ဝါးဈေးရပ်ကွက်၊ စပါးဆိပ်ရပ်ကွက်နှင့် ကျောက်ရာဇ်ကေရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်၊ ကြက်ဈေးရပ်ကွက် စသည့် နေရာများတွင် လက်နက်ငယ်ဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့အတွင်း စစ်ကောင်စီက ၃ နာရီခန့်ကြာ ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းမှာ ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
“ခြေလျင်သွားပြီး ရောက်တဲ့နေရာမှာ သေနတ်မြှောက်ပြီးတော့ ပစ်တာပါ။ ဆက်တိုက်ပစ်နေတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ အလိုလိုနေရင်း ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ခြောက်လှန့်နေတယ်” ဟု မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မြို့မဈေးကြီးနှင့် မြို့တွင်းဈေးဆိုင်အားလုံး ပိတ်သိမ်းကာ ဒေသခံများမှာ လုံခြုံမည့်နေရာများ၌ ပုန်းခိုနေကြရသည်။ လက်ရှိတွင်လည်း မြောက်ဦးမြို့အတွင်း စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများရှိနေ၍ ညအချိန်၌ ရမ်းသမ်းပစ်ခတ်မှုများ ထပ်မံပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က မြောက်ဦးမြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင် ဒေသခံ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်နေ့ ညအချိန်တွင် မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ လက်နက်ကြီး ၅ လုံးမှာ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်း၊ အလယ်ဈေး၊ ရွှေကြာသိမ်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ကျရောက်ကာ မပေါက်ကွဲဘဲရှိနေကြောင်း ဒေသခံများက ပြောသည်။
အလယ်ဈေးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “ရည်ရွယ်ချက်ရှိရှိ ပစ်နေတာလို့ ပြောချင်တယ်။ မြို့တွင်းနေရာတိုင်းမှာ လက်နက်ကြီးကျတာဆိုတော့ စစ်ကောင်စီက တစ်မြို့လုံးကို အသေသတ်နေတာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။
#D003 #DMG