မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်

ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။

By Admin 26 Nov 2023

မောင်တောမြို့နယ်၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံးပန်းနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AA Info Desk
မောင်တောမြို့နယ်၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံးပန်းနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AA Info Desk

DMG ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။

“တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်းရှိခဲ့သည်” ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။ AA တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုနှင့်ပတ်သတ်၍ ထုတ်ပြန်ထားခြင်း မရှိပေ။ 

ကိုင်းကြီးရွာအနီးတိုက်ပွဲမှာ ယနေ့ နံနက်ပိုင်းတွင် ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။ AA က ရဲကင်းစခန်းကို မတိုက်ခိုက်မီ တစ်ရက်အလိုကပင် ကိုင်းကြီး(ရခိုင်)ကျေးရွာမှ ဒေသခံ ၃၀၀ ကျော်မှာ လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

မောင်တောတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ စစ်ကောင်စီသည် ထိခိုက်၊ သေဆုံးမှုဖြစ်ရပ်များကို သတင်းအမှောင်ချထားတတ်သည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့် ရဲကင်းစခန်းကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲ စတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ AA က စစ်ကောင်စီတပ် စခန်းများကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်မှု ဆက်တိုက်ရှိနေသည်။ နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၂ ရက် နေ့ထိ ၁၀ ရက်အတွင်း နယ်ခြားစောင့် ရဲကင်းစခန်း (၄) ခုကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဟု ကြေညာပြီးနောက် ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ 

ဗီဒီယိုများ