- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
မုန်တိုင်းအန္တရာယ် သတိထားရန် မောင်တောဒေသခံများကို မိုး/ဇ/လ အသိပေး
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON) ရွေ့လျားနေသဖြင့် ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသခံများမှာ သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
24 Oct 2023
DMG ၊ အောက်တိုဘာ ၂၄
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON) ရွေ့လျားနေသဖြင့် ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသခံများမှာ သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရဲ့ မြောက်ဘက်ကဖြတ်မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် မုန်တိုင်းရဲ့အဝိုင်းအဝန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောအထိ မုန်တိုင်းရဲ့အရှိန်ကို သတိပြုရမယ်” ဟု DMG ကို ပြောသည်။
နောက်ထပ် ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့တွင်လည်း မိုးရွာနိုင်ပြီး မုန်တိုင်းအရှိန်နှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“တောင်သူလယ်သမားတွေ အနေနဲ့ကတော့ မုန်တိုင်းအရှိန်ကြောင့် မိုးကို သတိထားရမှာပေါ့။ နောက်ပိုင်းရွာတဲ့ မုတ်သုန်မိုးတွေဆိုတော့ မုန်တိုင်းအရှိန်နဲ့ ရွာဖို့ရှိတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသတွေမှာတော့ မိုးရွာသွန်းမှု များနိုင်တယ်။ ဒါကြောင့် စိုက်ရေး၊ ပျိုးရေးအတွက်တော့ သတိထားဖို့လိုပါတယ်” ဟု ဦးလှထွန်းက ပြောသည်။
မိုး/ဇ/လ၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ အဆိုပါမုန်တိုင်းမှာ ရခိုင်ပြည်၊ သံတွဲ အနောက်မြောက်ဘက် ရေမိုင် ၂၉၀ ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၁၉၀ ခန့်၊ မောင်တော၏အနောက်ဘက် ရေမိုင် ၁၇၀ ခန့်၊ အန္ဒိယနိုင်ငံ ပါရာဒစ်မြို့အရှေ့ဘက် ရေမိုင် ၁၆၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒီပူရာမြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု ရွေ့လျားနေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “စပါးတွေက အဖူးတွေထွက်လို့၊ ရင့်မှည့်တဲ့ဟာတွေလည်းရှိတော့ မိုးကြီး၊ လေကြီးလို့ စပါးပင်တွေလဲသွားရင် လယ်သမားတွေမှာ နစ်နာမယ့် အခြေအနေရှိတယ်။ စပါးအဖူးတွေ ထွက်နေတဲ့အချိန် လေပြင်းတိုက်ရင် စပါးပျက်တတ်တော့ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကံတရားပါပဲ” ဟု ပြောသည်။
ထို့အပြင် စစ်တွေမြို့မှ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များသို့ ထွက်ခွာနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်များကိုလည်း မနက်ဖြန် (အောက်တိုဘာ ၂၅ ရက်)တွင် ယာယီရပ်နားထားမည်ဖြစ်ကာ ၂၆ ရက်နေ့တွင် အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရွှေပြည်တန် တာဝန်ရှိသူကပြောသည်။