မြောက်ဦးတွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်သွားသည့် အရပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက မြို့အတွင်းသွားလာနေသည့် အရပ်သားသုံးဦးကို လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 10 Jan 2024

မြောက်ဦးတွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်သွားသည့် အရပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

ဇန်နဝါရီ ၉ ရက် နေ့လည်ပိုင်းတွင် မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်း ထွက်လာသည့် အင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား မြောက်ဦးမြို့ သကျရ်မာန်အောင်ဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာချိန်တွင် လမ်းတွင်တွေ့သည့် အရပ်သား သုံးဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လမ်းခုလပ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

“တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့သုံးယောက်နဲ့ လမ်းမှာတွေ့တာ။ အဲဒီမှာ ဖမ်းခေါ်သွားပြီး အလယ်ဈေးတံတားအလွန်မှာ ပစ်ခတ်သတ်ဖြတ်သွားတာ” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သူများများမှာ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်မှ ဦးစံရွှေကျော် (၅၂) နှစ်၊ ဦးထွန်းထွန်းဦး (၃၅) နှစ်နှင့် ညီဖြစ်သူ ကိုစောနိုင်ထွန်း (၂၈) နှစ်တို့ ဖြစ်ကြသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသူများအနေဖြင့် အရပ်သားများကို ဓါးစာခံများအဖြစ် ဖမ်းဆီးခြင်း (သို့မဟုတ်) လူသားဒိုင်းအဖြစ် အသုံးမပြုရကြောင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို မကျူးလွန်ရကြောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)တွင် ပြဌာန်းထားသည်။

အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေသော မြောက်ဦးအခြေစိုက် မခရ ၅၄၀ တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချေတုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။

မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်း စစ်ကောင်စီတပ်သားများသည့် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ညနေ ၅ နာရီကျော်တွင် အဆိုပါတပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် မြောက်ဦးမြို့အတွင်းမှ လူနေအိမ်အချို့တွင် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်ထိမှန်ခြင်းကြောင့် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ ဦးမဲနောင်ချေ (၆၀) နှစ်မှာ သေဆုံးခဲ့ရပြီး မဘုမချေ (၇) နှစ်၊ ဦးမျိုးနိုင် (၅၀) နှစ်နှင့် အလယ်ဈေးရပ်ကွက်မှ အမျိုးသားတစ်ဦး(စုံစမ်းဆဲ)တို့မှာ ဒဏ်ရာရရှိသွားခဲ့သည်။

“ဦးမဲနောင်ချေက ရင်ဘက်မှာကျည်စ ဖောက်ထွက်သွားပြီး တစ်ခါတည်းသေသွားတာ။ ကလေးမှာတော့ မျက်နှာမှာ ဒဏ်ရာရသွားတယ်။” ဟု မြောက်ဦးဒေသခံ နောက်တစ်ဦးကပြောသည်။

စစ်ကောင်စီ၏ မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းများမှ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းအထိ နေ့ရောညပါ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ်အတွင်းမှ မြောက်ဦးခရိုင်ရဲစခန်း၊ မြောင်းဘွေရဲစခန်းနှင့် သင်းကျစ်တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားသည်။

ဗီဒီယိုများ