- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲကြောင့် ဂွတွင် စစ်ဘေးရှောင် နှစ်ထောင်ခန့် တိုးလာ
ဂွမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ သောင်းနှင့်ချီရှိနေပြီး မြို့ပေါ်ဒေသခံ အများစုမှာ ပြည်မဘက်သို့ တိမ်းရှောင်ကြပြီး ကျေးလက်နေသူများမှာ AA ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေကြသည်။
30 Nov 2024
DMG ၊ နိုဝင်ဘာ ၃၀
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နှစ်ထောင်ခန့် ထပ်မံတိုးလာနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
စစ်ဘေးရှောင်ဦးရေ တိုးလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည် စသည့် အကူအညီများ လိုအပ်နေပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးထားရကြောင်း ကူညီပေးနေသူများက ပြောသည်။
ဂွမြို့နယ်၊ စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံ ကိုနိုင်အောင်လင်းက “အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲ။ လက်ရှိတိမ်းရှောင်လာတဲ့ လူတွေထဲမှာ ဆေးရက်ရှည် သောက်ရသူတွေပါတယ်။ ပြီးတော့ ဆေးကုသနေရတဲ့သူတွေပေါ့။ လက်ရှိ သူတို့အတွက် ဆေးဝါးက အရေးတကြီး လိုအပ်နေတယ်။ ဆေးကုသဖို့အပြင် နေရာထိုင်ခင်း လိုအပ်ချက်တွေလည်း ရှိတယ်” ဟု ပြောသည်။
ကမ်းသာယာ၊ ဆပ်သွား၊ ဂျိုင်ကောက်၊ ပိန္နဲကုန်းစသည့်ကျေးရွာများမှ ဒေသခံနှစ်ထောင်ခန့်မှာ ယခုလအတွင်း ကျေးရွာအနီး တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြပြီး ဘေးလွတ်ရာနေရာများတွင် ခုလှုံနေကြရသည်။
စစ်ဘေးရှောင်များမှာ အသက်အန္တရာယ်ကြားမှ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာသူများဖြစ်၍ အစစအရာရာ၌ အခက်အခဲများ ရှိနေသည်။
“ကြိုပြီးစစ်ရှောင်ဖို့ကလည်း ငွေကြေးအခက်အခဲတွေကြောင့် အဆင်မပြေဘူး။ အခုလည်း အသက်တစ်ချောင်း ပါရင်ပြီးရောဆိုပြီး ရှောင်လာကြရတာ။ နေရထိုင်ရတာကတော့ ကိုယ့်အိမ်ကိုယ့်ယာလောက်တော့ ဘယ်အဆင်ပြေမလဲ။ အစစအရာရာ ခက်ခဲတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဂွမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ သောင်းနှင့်ချီရှိနေပြီး မြို့ပေါ်ဒေသခံ အများစုမှာ ပြည်မဘက်သို့ တိမ်းရှောင်ကြပြီး ကျေးလက်နေသူများမှာ AA ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေကြသည်။
ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်အထိကြာမြင့်လာနေပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ ဦးရေ ၇ နီးပါးရှိလာနေကာ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက် မြင့်မားနေဆဲဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း စစ်ကောင်စီကန့်သတ်မှုကြောင့် လူသားချင်းစာနာမှု အကူအညီများ ပေးရန် အခက်အခဲများရှိနေ၍ စစ်ဘေးရှောင်များမှာ ပို၍ ကျပ်တည်းနေကြသည်။
“နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲဥပဒေကိုလိုက်ရတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်လည်း လူသားချင်းကူညီမှုတွေပေးဖို့ ဒေသအတွင်း တိုက်ရိုက်ဝင်လို့မရနိုင်ဘူး။ ဒီလိုအခြေအနေကြောင့် စစ်ရှောင်တွေလည်း နစ်နာနေရတယ်။ အဓိကတော့ ဒေသအတွင်းမှာရှိတဲ့ အင်အားကြီးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကူအညီတွေပေးနိုင်ဖို့ တစ်နည်းနည်းနဲ့ လုပ်ဆောင်သင့်တယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ရခိုင်တွင် နိုင်ငံတကာက ကူညီပေးရေးအဖွဲ့များကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် လူဦးရေ ၉၅ ရာခိုင်နှုန်းမှာ လာမည့် ၂၀၂၅ ခုနှစ်တွင် အငတ်ဘေးဒဏ်ကို ရင်ဆိုင်ရနိုင်သည်ဟု ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်ထားသည်။