ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ 

ကျောက်ဖြူမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းများဖြင့် အရပ်သားနေထိုင်ရာများကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ 

By Admin 26 Apr 2024

ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ 

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်ရှိ သစ်ကတိုးကျေးရွာနှင့် လေးပုံကျောက်ကျေးရွာကို ဧပြီ ၂၅ ရက်က စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

သေဆုံးသူမှာ သစ်ကတိုးကျေးရွာမှ ဦးညီပုချေ (၅၆)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ လေးပုံကျောက်ကျေးရွာမှ အသက် (၁၆)နှစ်အရွယ် မောင်ကောင်းထက်အောင်နှင့် အသက်(၂၀)အရွယ် ကိုစိုးနိုင်ထွန်း တို့ဖြစ်သည်။ 

“မနေ့က ညနေ ၄ နာရီခွဲလောက်မှာ ဂျက်လေယာဉ်နဲ့လာပြီး ဗုံးချသွားတာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်” ဟု စနဲမြို့ခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းများဖြင့် အရပ်သားနေထိုင်ရာများကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံပျက်စီးမှုများရှိ၍ လေကြောင်းအန္တရာယ်နှင့်ပတ်သက်၍ ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်။

“မနေ့က လေယာဉ်နဲ့ချတာ ၁၅ လုံးလောက်ရှိတယ်။ မပေါက်ကွဲဘဲ မြေမှာထိုးစိုက်ကျန်နေတဲ့ လက်နက်တွေလည်းရှိတယ်။ ဒီလိုမျိုးမကြုံဖူးတော့ ရွာကလူတွေက ကြောက်လန့်နေကြတယ်။ နောက်ထပ် တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု လေးပုံကျောက်ရွာသားတစ်ဦးက ပြောသည်။ 

ယခုလအတွင်း စနဲမြို့နှင့်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ရင်းများ၊ စစ်သင်္ဘောများအပြင် လေကြောင်းမှတစ်ဆင့်ပစ်ခတ်နေခြင်းကြောင့် ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်။ 

ယင်းအပြင် သံတွဲမြို့နယ်တွင်လည်း ဧပြီ ၁၅ ရက်က ရှင်စောပြင်၊ မကျည်းချောင်း၊ ကွေ့ချောင်းနှင့် ရေစင်ရွာ စသည့်ကျေးရွာများအနီးသို့ ဂျက်ဖိုက်တာအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ရခိုင်တောင်ပိုင်းရှိ ရမ်းဗြဲမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး လက်ရှိတွင် သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေကာ ကျောက်ဖြူတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေသည်။  

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာမြို့/ရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။ 

ဗီဒီယိုများ