အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင် 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြိုနယ်ရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။ 

By Admin 04 Apr 2024

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ 
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၄ 

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) ကြား စစ်ရေးအရှိန်မြှင့်တက်လာမှုကြောင့် ကျေးရွာပေါင်း (၂၀)ကျော်က ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

“လက်နက်ကြီးတွေက ရွာအနီးမှာကျတော့ မနေရဲတော့ဘူး။ အဲဒါကြောင့် ရွာသားတွေက ကြောက်ပြီး လုံခြုံမယ့်နေရာသို့ထွက်ပြေးကြတာ။ တိုက်ပွဲကပြင်းထန်နေတော့ အခုရောက်တဲ့နေရာမှာလည်း လုံခြုံမယ့်အနေအထားမမြင်ဘူး။ နောက်ထပ် ဘယ်ကိုပြေးရအုံးမလဲ တွေးပူနေရတယ်” ဟု အမ်းမြို့နယ်၊ ပြောင်သေကျေးရွာမှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။ 

ပြောင်သေ၊ သလူမော်၊ လုံး၊ ဂဏန်းပြင်၊ ရွာသာယာ၊ ဒိုင်ကြီး၊ မဲလက်မောင်း၊ ခမောင်းတော၊ ကန့်ကော်မြိုင်၊ ခမောင်းချောင်း၊ ပတ်ကွေ့၊ ဆင်ခုံတိုင်၊ ငပြယ်နှင့် ကြက်ရေခမ်း၊ ကမြင်းကန်၊ မီးလောင်ကျွန်း၊ ခရမ်းကျွန်း၊ ကျမောင်းအပြင် ငလက်ကျ၊ လောင်းကျ စသည့် ကျေးရွာ ၂၀ ကျော်မှာ စစ်ကောင်စီက လက်နက်ကြီး/ငယ်၊ လေကြောင်းပစ်ခတ်မှုနှင့် ကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။ 

“စားရေးသောက်ရေးက အဓိကအခက်အခဲဖြစ်တယ်။ အကူအညီတောင်းဖို့အတွက်လည်း စိန်ခေါ်မှုရှိနေတယ်။ စစ်ကောင်စီက လူစုလူဝေးမြင်ရင် ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိနေတော့ ဘယ်နေရာမှာရှိတယ် ဆိုပြီး အကူအညီလည်း မတောင်းရဲဘူးဖြစ်နေတယ်” ဟု ဆင်ခုံတိုင်ကျေးရွာမှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြိုနယ်ရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။ 

အမ်းနှင့် မကွေးကို ဆက်သွယ်ထားသော အမ်း - ပဒါန်းကားလမ်းမပိုင်းကိုလည်း AA က ဧပြီ ၂ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးလကျော်ကြာမြင့်လာပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေ ၃ သုံးကျော်အထိ ရှိနေသည်။ 

ဗီဒီယိုများ