မိုခါအလွန် ၃ လကြာသည့်တိုင် ယိုးချောင်းဒေသက ကျေးရွာများ နာလန်မထူနိုင်သေး

မုန်တိုင်းတိုက်ခတ်ပြီးနောက် ယိုးချောင်းဒေသရှိ တောင်ယာစိုက်ခြံများမှာ ပျက်စီးသွားသည့်အတွက် ဒေသတွင်း စီးပွားရေးမှာ ကျပ်တည်မှုရှိနေကြပြီး စာဝတ်နေရေး ခက်ခဲမှုနှင့် ကြုံတွေ့နေကြသည်။

By Admin 29 Aug 2023

ယိုးချောင်းဒေသ ကျွန်းသာယာကျေးရွာက နေအိမ်များအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
ယိုးချောင်းဒေသ ကျွန်းသာယာကျေးရွာက နေအိမ်များအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၉

“မိုခါ”မုန်တိုင်းတိုက်ခတ်ပြီး ၃ လကြာသည့်တိုင် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာ ၃၀ ကျော်မှာ လူမှုကယ်ဆယ်ရေးရရှိမှု နည်းပါးသည့်အတွက် အမိုးအကာမလုံခြုံဘဲ နေထိုင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများမှာ စစ်ကောင်စီထောက်ပံ့သည့် ဆန်ရိက္ခာအနည်းငယ်ကိုသာ ရရှိထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုကူညီရေး အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမှာ အားနည်းနေသေးကြောင်း ဒေသခံများကပြောသည်။

သလူချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက “လူမှုကယ်ဆယ်ရေးတွေကတော့ တစ်ခြား လူမှုအဖွဲ့အစည်းတွေက နှစ်ခါလောက်နဲ့ စစ်ကောင်စီကပေးတဲ့ အရာလောက်ပဲ ရှိသေးတယ်။ လုံလောက်မှုကတော့ အပြည့်အဝ မရှိဘူး။ မိုခါနဲ့ပါသွားတဲ့ အိမ်တွေကိုလည်း ကိုယ်အစီအစဉ်နဲ့ လုပ်နိုင်တဲ့သူက ၅၀ ရာခိုင်နှုန်းလောက်သာရှိပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ တာပေါ်လင်တွေ မိုးထားရဆဲဖြစ်တယ်” ဟု ပြောသည်။

ယိုးချောင်းဒေသမှာ သလူချောင်း၊ လီကွေ့၊ တဲဝ၊ ပညာဝ၊ ချင်းမဝန်တောင်း၊ ကျွန်းသာယာနှင့် လမုကိုင်း စသည့်ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီလူမျိုးတို့ နေထိုင်ကြကာ လမ်းပန်ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုအဖွဲ့များနှင့် အားနည်းနေခြင်းဖြစ်သည်။

ထိုကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုကြသည်။

“အိမ်တွေ ပြန်ဆောက်ဖို့ကတော့ တစ်ဖွဲ့ကမှ ကယ်ဆယ်ရေး မပေးဘူး။ အစိုးရဆီကလည်း မပေးဘူး။ အလှူရှင် တွေကလည်း ပေးတာတွေ မရှိဘူး။ ကိုယ့်မှာရှိတဲ့ ရွှေတို ငွေစတွေကို ရောင်းပြီးတော ဖြစ်သလိုဆောက်ကြရတယ်။ အိမ်ကိုလုပ်လိုက်ရင် စားဖို့ မရှိတော့ဘူး။ တာပေါ်လင်တွေ မိုးပြီးတော့ နေကြရတယ်” ဟု ကျွန်းသာယာကျေးရွာက ဒေါ်စံအေးနုက ပြောသည်။

ကျွန်းသာယာကျေးရွာသို့ ဝေဟင်အောင်ပရဟိတအဖွဲ့က မိသားစုတစ်စုအား ဆန်ရိက္ခာ တစ်ပြည်ခွဲ၊ စစ်ကောင်စီထံက ဆန်ရိက္ခာ ၃ ပြည်ခန့်သာ ရရှိသေးသည်ဟု ကျေးရွာသားများထံက သိရသည်။

လက်ရှိတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် မိုးထားကြသည့် တာပေါ်လင်စမိုးများမှာလည်း ဆွေးမြေ့လာနေပြီး မိုးယိုမှုများရှိနေသဖြင့် လူမှုကယ်ဆယ်ရေးအကူညီများ လိုအပ်နေခြင်းဖြစ်သည်။

“အခုချိန်ဆိုရင် မိုခါတိုက်ပြီး ၃ လနီးပါးရှိပြီဆိုတော့ တာပေါ်လင်တွေဆွေးပြီးတော့ မိုးတွေယိုပြီး အမိုးအကာမလုံတာတွေ ရှိကြတယ်။ ကျွန်တော်တို့ဒေသက လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် ပြည်တွင်းက လူမှုကယ်ဆယ်ရေးတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် တက်နိုင်ရင် အကူအညီတွေပေးစေချင်တယ်” ဟု သလူချောင်းကျေးရွာသား ကိုခင်အောင်မြင့်ကပြောသည်။

လီကွေ့ကျေးရွာတွင်လည်း လက်ရှိတွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် ဆန်ကွဲများကို ဝယ်စားနေရသူများအပြင် တစ်ချို့မှာ ထမင်းငတ်နေကြောင်း ရွာသားများက ပြောသည်။

လီကွေ့(မြို)ကျေးရွာသား ဦးအောင်မြိုင်က “သွပ်ပြားအပေါက်တွေကို ဖာပြီးတော့ ဆေးသုတ်ထားတဲ့ သွပ်ပြား ၁၀ လောက် ရကြတယ်။ ဒီလောက်ပဲ ရကြတယ်။ စားဝတ်နေရေးကတော့ ဒီရာသီမှာ မျှစ်ခူးရလို့ပါ။ မဟုတ်ရင် တော်တော် အခက်အခဲရှိတယ်။ ဥယျာဉ်တွေကလည်း ဘာမှမထွက်ဘူး။ ဆန်အကောင်းတွေက ဈေးကြီးတာကြောင့် ဆန်ခွဲတွေကိုပဲ စားနေကြတာ။ အဲတာတောင် ငတ်တဲ့သူတွေတောင်ရှိတယ်” ဟု ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ယိုးချောင်းဒေသရှိ တောင်ယာစိုက်ခြံများမှာ ပျက်စီးသွားသည့်အတွက် ဒေသတွင်း စီးပွားရေးမှာ ကျပ်တည်မှုရှိနေကြပြီး စာဝတ်နေရေး ခက်ခဲမှုနှင့် ကြုံတွေ့နေကြသည်။

#I006