သတင်းမီဒီယာတွေနဲ့ အွန်လိုင်းသုံးစွဲသူတွေအပေါ် ခြိမ်းခြောက်လာနေတဲ့ ရုပ်/သံ ဥပဒေသစ်

မျက်မှောက်ခေတ်မှာ လူတိုင်းနီးပါး Social Media ကို အသုံးပြုနေကြတာဖြစ်တဲ့အတွက် စစ်ကောင်စီအပေါ် ဝေဖန်တဲ့သူတိုင်းကို အခုပြင်ဆင်လိုက်တဲ့ဥပဒေနဲ့ အရေးယူနိုင်တယ်ဆိုတဲ့သဘောကိုလည်း သက်ရောက် နေပါတယ်။

15 Nov 2021

အယ်ဒီတာ့အာဘော်

စစ်ကောင်စီက ရုပ်/သံ မီဒီယာဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်တာဟာ သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက် လိုက်တာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီက ပြန်ပြီးပြုပြင်လိုက်တဲ့ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ” မှာ မူလက ငွေဒဏ်လောက်သာ ပြဌာန်းထားပေမဲ့ အခုပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာတော့ ငွေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်တွေကိုပါ ထည့်သွင်းလာတာကို တေ့ွမြင်နေရပါတယ်။

နောက်တစ်ချက်က ရာဇသတ်ကြီးဥပဒေအရ တရားရုံးရဲ့ဖမ်းဝရမ်းမပါဘဲ အချိန်မရွေးဖမ်းဆီးနိုင်ခွင့်ပေးလိုက်တဲ့ ရဲအရေးပိုင် ပြစ်မှုစာရင်းမှာပါဝင်လာတာက ပိုပြီးတော့ စိုးရိမ်စရာအနေအထားဖြစ်လာနေပါတယ်။ သတင်း မီဒီယာတင်မက အွန်လိုင်းကနေပြီး အသေးစားမီဒီယာလုပ်ငန်းလုပ်သူတွေ၊ တစ်ဦးတစ်ယောက်တည်း မီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေအတွက်ပါ အခုပြင်ဆင်လိုက်တဲ့ ဥပဒေဟာ အကြုံးဝင်နေတာလဲဖြစ်ပါတယ်။ အသေးစိတ်ပြောရင် အများကသိတဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဗီဒီယိုဖိုင်တင်ရင်တောင် ဒီပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ ငြိစွန်းပါတယ်။

ပြည်ထောင်စုလွှတ်တော်က နည်းဥပဒေအဖြစ်တောင် မပြဌာန်းနိုင်ခဲ့သေးတဲ့ ဒီဥပဒေကို ပြန်လည် အသက်သွင်း လာတယ်ဆိုတာဟာ နည်းလမ်းမှန်မှန်ကန်ကန်နဲ့ချမှတ်ထားတဲ့ ဥပဒေတစ်ရပ်တော့မဟုတ်သေးဘူးလို့ဆိုရပါ လိမ့်မယ်။ လက်ရှိဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီက လူပုဂ္ဂိုလ်တွေဆိုတာ သတင်းမီဒီယာလုပ်ငန်းတွေကို အမှန်တကယ်လုပ်ကိုင်နေသူတွေက ရွေးချယ်တင်မြှောက်ထားသူတွေလည်းမဟုတ်ကြပါဘူး။ လက်ရှိစစ်ကောင်စီ က ခန့်အပ်ထားသူတွေသာဖြစ်ပါတယ်။ အဲဒီလိုခန့်အပ်ထာတဲ့သူတွေကလည်း Social Media ကို အသုံးချပြီး စောင့်ကြည့်နေကြတဲ့သူတွေဖြစ်တယ်ဆိုတာ အငြင်းပွားစရာတောင်မလိုပါဘူး။

မျက်မှောက်ခေတ်မှာ လူတိုင်းနီးပါး Social Media ကို အသုံးပြုနေကြတာဖြစ်တဲ့အတွက် စစ်ကောင်စီအပေါ် ဝေဖန်တဲ့သူတိုင်းကို အခုပြင်ဆင်လိုက်တဲ့ဥပဒေနဲ့ အရေးယူနိုင်တယ်ဆိုတဲ့သဘောကိုလည်း သက်ရောက် နေပါတယ်။

ဒါဟာ စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ် က လှုံ့ဆော်ချက်တွေကို ခြိမ်းခြောက်၊ ကန့်သတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပြင်ဆင်ပြဌာန်းလာတယ်လို့ယူဆရ ပါတယ်။ ဒါပေမဲ့လည်း သတင်းစာနဲ့ ရုပ်သံထုတ်လုပ်နေတဲ့ မီဒီယာတွေအပေါ်မှာတော့ သက်ရောက်မှုက ရှိလာနိုင်ပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာဆိုရင် ငွေဒဏ်အပြင်ကို ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်အထိချမှတ်ခံရနိုင် တယ်ဆိုတဲ့ဟာကလည်း ပါလာပြန်ပါတယ်။ အဲဒီလိုပြင်ဆင်လိုက်တာဟာ တရားမျှတမှုအတွက် ရေးသားပေး ဖော်ပြပေးနေတဲ့ သတင်းမီဒီယာတွေအတွက် အကြပ်အတည်းကို သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။

အဲဒီလို တရားမျှတမှုအတွက် ရေးသားဖော်ပြပေးနေတဲ့ သတင်းမီဒီယာသမားတွေသာ ဒီဥပဒေနဲ့ အရေးယူခံရ လို့ရှိရင် ပြည်သူတွေအတွက် နား၊ မျက်စိလို့တင်စားထားတဲ့ အမှားနဲ့အမှန် ခွဲခြားသိနားလည်မှုတွေဟာလည်း လုံးဝပျောက်ဆုံးသွားမှာပဲ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ လူတိုင်းနီးပါး အိုင်တီနည်းပညာတွေကို အထိုက်အလျောက်တတ်ကျွမ်းနေတဲ့ကာလမှာ အာဏာရှိသူတွေက ဒီလိုထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေနဲ့ထိန်းချုပ်ချင်တယ်ဆိုတာကလည်း ထိရောက်မှုရှိနိုင် မလားဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါပဲ။

တိုင်းပြည်မှာ အာဏာရှိသူတွေအနေနဲ့ သတင်းမီဒီယာတွေအပေါ် ဒီလိုမျိုးဥပဒေတွေပြင်ဆင်ပြီး ထိန်းချုပ်ရုံနဲ့ ပြည်သူရဲ့ ယုံကြည်မှုကိုပြန်ရနိုင်ပါ့မလား။ အာဏာရှိသူတွေချုပ်ကိုင်မှုအောက်က သတင်းမီဒီယာတစ်ခုကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရနိုင်ဖို့ကိုတော့ ခက်ခဲပါလိမ့်မယ်။

ပြည်သူတွေရဲ့လိုအပ်ချက်ကို အမြဲတစေဖော်ပြပေးနေတဲ့ သတင်းဌာနတွေသာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ အရ ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် လက်ရှိအာဏာရှိသူတွေရဲ့ လက်အောက်ကသတင်းမီဒီယာတွေအနေနဲ့ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍာစုံကို ထိထိရောက်ရောက် ထောက်ပြပေးနိုင်ဖို့ကိုတော့ မဖြစ်မနေလိုအပ်လာပါလိမ့်မယ်။

အခုပြင်ဆင်လိုက်တဲ့ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ” အရဆိုရင် လုပ်ငန်းလိုင်စင်မရှိတဲ့ ရုပ်သံမီဒီယာတွေအတွက် အကြပ်ရိုက်လာစရာတွေလည်း အများကြီး ရှိနေပါတယ်။  

မူလကပြဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေမှာတော့ သတင်းမီဒီယာတစ်ခု တည်ထောင်မယ်ဆိုရင် လုပ်ငန်း လိုင်စင်အတွက် သက်ဆိုင်တဲ့ဌာနကို လျှောက်ထားရတာရှိပါတယ်။ အခုပြင်ဆင်တဲ့ ဥပဒေထဲမှာတော့ ငွေဒဏ် နေရာမှာ ထောင်ဒဏ်ရော ငွေဒဏ်ရောကျခံစေဖို့ ပြင်ဆင်ပြဋ္ဌာန်းတာကိုသာတွေ့ရပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ပိုင်ခွင့်အတွက် ပြင်ဆင်ပြဋ္ဌာန်းထားတာတော့မတွေ့ရပါဘူး။

ဆိုလို့ရှိရင် ပြည်သူတွေရဲ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ထောက်ပြရေးသားပေးနေတဲ့ မီဒီယာတစ်ခုအနေနဲ့ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာဥပဒေ” အရ သတင်းမီဒီယာလုပ်ပိုင်ခွင့်ကို လျှောက်ထားလာလို့ရှိရင် လက်ရှိအာဏာရှိ ပုဂ္ဂိုလ်များ အနေနဲ့ သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ ထုတ်ပေး/ မပေးဆိုတာဟာ မေးခွန်းထုတ်စရာတစ်ခုအနေနဲ့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဗီဒီယိုများ