- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို ဥပက္ခာပြုခဲ့သော်
အစိုးရဆိုတာ ငွေရှင်ကြေးရှင်၊ ဓနရှင်ကြီးပုံစံနှင့် ပြည်သူတွေအပေါ် မိမိတို့ရဲ့ အလုပ်သမားကို ဆက်ဆံသလို ဆက်ဆံလို့ မရပါဘူး။ ပြည်သူကပေးတဲ့ အခွန်ငွေတွေနဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ပြည်သူ့ခိုင်းဖတ်သာ ဖြစ်ရပါလိမ့်မယ်။ နိုင်ငံ့ဝန်ထမ်းဆိုသူများမှာလည်း အစိုးရဝန်ထမ်းမဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းသာ ဖြစ်ရပါမယ်။ ဒါကြောင့် ပြည်သူ (သို့မဟုတ်) ပြည်သူကိုယ်စားပြု သတင်းမီဒီယာများက မေးမြန်းစုံစမ်းလာခဲ့ရင် ပြန်လည် ဖြေကြားပေးဖို့ ပြည်သူ့အခွန်စားဝန်ထမ်းများမှာ တာဝန်ရှိပါတယ်။
05 Oct 2021
DMG ၊ အောက်တိုဘာလ
(Editorial/အယ်ဒီတာ့အာဘော်)
တိုင်းပြည် (သို့) နိုင်ငံတစ်နိုင်ငံဟာ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ အမြော်အမြင်စတဲ့ အဓိကအချက်တွေနဲ့ အင်ဂျင်စက်တစ်ခုလို လည်ပတ်နေတာ ဖြစ်ပါတယ်။ အင်ဂျင်စက်တစ်ခုမှာ ဆီမရှိရင် စက်လည်ပတ်လို့ မရနိုင်သလို စက်ထဲက အဓိကပစ္စည်းတစ်ခုခု ချို့ယွင်းပြီဆိုရင်လည်း အဲဒီစက်က လည်ပတ်လို့ အဆင်မပြေနိုင်ပါဘူး။ အသေးအမွှားချို့ယွင်းရင် လည်ပတ်နိုင်ပေမယ့် အင်ဂျင်စက်အကြောင်း အသေးစိတ်သိတဲ့လူက ဘယ်နားမှာ ဘာချို့ယွင်းသလဲဆိုတာ သိစမြဲဖြစ်ပါတယ်။
အဲဒီလိုပဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းက ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီဆိုတဲ့ အဖွဲ့အစည်းတစ်ခုဟာ အုပ်ချုပ်ရေးကို တည်ဆောက်ဖို့ ခက်ခဲနေဆဲပဲဖြစ်သလို၊ စီမံခန့်ခွဲရေးအပိုင်းမှာလည်း လူမှန်နေရာမှန်ချနိုင်ဖို့ အားနည်းနေဆဲပဲ ဖြစ်ပါတယ်။ ဒါကလည်း ပြည်မက ရာခိုင်နှုန်းအတော်များများ ဆန့်ကျင်နေချိန်မှာ သူတို့ဘက်မှာပါတဲ့ သူရဲကောင်းတွေ အားနည်းနေလို့ဖြစ်လိမ့်မယ်လို့ ထင်မြင်စရာရှိပါတယ်။ အမြော်အမြင်အပိုင်းနဲ့ပတ်သက်လို့ နည်းနည်းဆက်စပ်ပြောရလို့ရှိရင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်မမှာ အခိုင်အမာရပ်တည်နေတဲ့ မီဒီယာကြီးအချို့ကို ရိုက်ချိုးပစ်လိုက်ပြီး ပြန်နလန်မထူနိုင်အောင် လုပ်ပစ် လိုက်တာကိုက သူတို့ရဲ့ အမြော်အမြင်ကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
သတင်းမီဒီယာဆိုတာ အစိုးရနဲ့ပြည်သူအကြား ဆက်စပ်ပေးထားတဲ့ ပေါင်းကူးတံတားတစ်စင်းနဲ့ အလားသဏ္ဌာန် တူပါတယ်။ အုပ်စိုးသူအစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ပြီး ဝေဖန်အကြံပြုရမှာသည်ပင် မီဒီယာရဲ့ အလုပ်ဖြစ်ပါတယ်။ အာဏာနဲ့လုပ်ပိုင်ခွင့် ရှိတဲ့သူတွေက မိမိတို့ရဲ့ သြဇာအာဏာကို မလျော်အသုံးချပြီး ပြုလုပ်လာပြီဆိုရင် စုံစမ်းဖော်ထုတ်ပြီး ပြည်သူကို ပြန်လည်ချပြရမှာက မီဒီယာရဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒီလို အချက်တွေကြောင့်ပဲ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာပါ အုပ်ချုပ်သူတွေအနေနဲ့ သတင်းမီဒီယာတွေ အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်တတ်ကြပါတယ်။
အစိုးရဆိုတာ ငွေရှင်ကြေးရှင်၊ ဓနရှင်ကြီးပုံစံနှင့် ပြည်သူတွေအပေါ် မိမိတို့ရဲ့ အလုပ်သမားကို ဆက်ဆံသလို ဆက်ဆံလို့ မရပါဘူး။ ပြည်သူကပေးတဲ့ အခွန်ငွေတွေနဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ပြည်သူ့ခိုင်းဖတ်သာ ဖြစ်ရပါလိမ့်မယ်။ နိုင်ငံ့ဝန်ထမ်းဆိုသူများမှာလည်း အစိုးရဝန်ထမ်းမဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းသာ ဖြစ်ရပါမယ်။ ဒါကြောင့် ပြည်သူ (သို့မဟုတ်) ပြည်သူကိုယ်စားပြု သတင်းမီဒီယာများက မေးမြန်းစုံစမ်းလာခဲ့ရင် ပြန်လည် ဖြေကြားပေးဖို့ ပြည်သူ့အခွန်စားဝန်ထမ်းများမှာ တာဝန်ရှိပါတယ်။
တကယ်ဆိုရင် NLD အစိုးရကလည်း မီဒီယာတွေအပေါ်မှာ အမှားကင်းခဲ့တဲ့အစိုးရတော့ မဟုတ်ပါဘူး။ အဲဒီ NLD အစိုးရခေတ်မှာပဲ သူတို့ကို ဝေဖန်ရေးသားခဲ့တဲ့ မီဒီယာတွေကို သတင်းရယူမှုဖိနှိပ်ပြီး ထောင်ဒဏ်တွေလည်း ချမှတ်ခဲ့ပါတယ်။ ဒီနေရာမှာပြောရရင် အစိုးရတွေက မီဒီယာကို ဘာကြောင့် ကြောက်လန့်နေကြရတာပါလဲ။ နိုင်ငံတကာကပါ တိုင်းပြည်တစ်ခုရဲ့ စတုတ္ထမဏ္ဍိုင်လို့သတ်မှတ်ထားပြီး အစိုးရနဲ့ ပြည်သူလူထု ဆက်ဆံရေး တံတားဖြစ်တဲ့ မီဒီယာကို သူတို့ဘာကြောင့် ရိုက်ချိုးခဲ့ကြတာပါလဲ။
ရိုက်ချိုးမှုတွေရဲ့နောက်ကွယ်မှာတော့ အကျိုးဆက်က ရှိစမြဲဖြစ်ပါတယ်။ မီဒီယာတွေကို သတင်းရယူခွင့်၊ ဖြေကြား နိုင်မှု အပါအဝင် အခြားအကြောင်းအရာတွေကို ဖိနှိပ်လိုက်လို့ရှိရင် သူတို့ ဘာကိုပဲ လုပ်ဆောင်ပေးပေး ပြည်သူတွေက အကောင်းမြင်နိုင်ကြမလား။
နှစ်ပေါင်း ၆၀ နီးပါး ပြည်သူအများစုက တစ်ရှူးကြမ်းစက္ကူထက်တောင် အဆင့်နိမ့်အဖြစ်ထားခဲ့တဲ့ နိုင်ငံပိုင် သတင်းစာ စာရွက်တွေကို အသုံးချပြီး ငါတို့ဟာ အကောင်းချည်းလုပ်နေပါတယ်ဆိုပြီးတော့ ရေးပြလေတော့မလား။ ဒါ့အပြင် အခု အိုင်တီခေတ်ထဲမှာတောင် ကိုယ့်လူမှုကွန်ရက် စာမျက်နှာတစ်ခုကို ထူထောင်ပြီး ဘယ်လောက်ပဲ အကောင်းလုပ်နေပါတယ်လို့ရေးရေး၊ အဲဒီလိုရေးတော့ကော ပြည်သူလူထုက ယုံကြည်ပါ့မလား။ မီဒီယာတိုက်တစ်ခုက ရေးသားသလို ဘက်ပေါင်းစုံကို ထိရောက်မှုရှိပါ့မလား ဆိုတာကိုလည်း ထည့်ပြီးစဉ်းစား ကြဖို့လိုပါတယ်။
အထူးသဖြင့် ပြည်မအခြေစိုက်မဟုတ်တဲ့ ဒေသတွင်းမီဒီယာတွေအပေါ်မှာပါ တင်းကျပ်မှုတွေ ပြုလုပ်လာတာကို တွေ့လာနေရပါတယ်။ သွယ်ဝိုက်၍တစ်ဖုံ၊ တိုက်ရိုက်တစ်မျိုး ခြိမ်းခြောက်မှုတွေနဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ သတင်းသိရှိပိုင်ခွင့်ကို ပိတ်ပင်တားဆီးဖို့ ကြိုးစားလာတာမျိုးတွေကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က အမှားကိုစောင့်ပြီး အပြစ်ပေးဖို့ ကြိုးစားနည်းတစ်မျိုးက ရှိနေပါသေးတယ်။
မြေပြင်အခြေအနေအရ သတင်းတစ်ခုကို သိထားရချိန်မှာ စစ်တပ်(သို့)ဒေသအာဏာပိုင်တွေကို မေးမြန်းတဲ့အခါ ပြန်လည်ဖြေကြားတာမျိုး မလုပ်ဘဲ နောက်တော့မှ အရေးယူဆောင်ရွက်တာမျိုးဟာလည်း ခေတ်အဆက်ဆက် လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်တောင် ယဉ်ပါးလာနေပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ မရရှိကြဖူးသေးပါ။ ၂၀၁၀ -၂၀၂၀ ကာလအတွင်းမှာသာ အနည်းငယ် လွတ်လပ်ခွင့် ရခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေမှာ လည်း အုပ်စိုးသူအလိုမဟုတ်တဲ့ မီဒီယာတွေဟာ အာဏာရှိသူတွေရဲ့ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံခဲ့ကြရ ပါသေးတယ်။
လက်ရှိကာလမှာ လူတိုင်းဟာ မီဒီယာတစ်ခုစီ ဖြစ်နေပြီလို့တောင် တင်စားလို့ ရနေပါပြီ။ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ဒေသက ထူးခြားဖြစ်စဉ်တွေ ပြုပြင်ရန်လိုအပ်တာတွေ စသည်ဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားလာကြ တာကိုလည်း တွေ့မြင်နေကြရမှာပါ။
သတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တပ်ပြီး လူတိုင်းသိထားတဲ့အမှားကို အမှန်တရားပါလို့ ဘူးခံငြင်းပြီး ငါတို့ လုပ်တာသည်သာ အမှန်ပဲလို့ ပြောကြားတာတွေ များလာတော့လည်း ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းတာ အပြစ်မဟုတ်ပါဘူး။ မကြာသေးခင်ကမှ နေပြည်တော်မှာ ပြုလုပ်သွားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင် သတင်းရယူခဲ့တဲ့ မီဒီယာသမားတွေ အနည်းငယ်သာ တက်ရောက်ခဲ့တာကိုကြည့်ရင် စစ်ကောင်စီအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု ဘယ်လောက်ကျဆင်းနေတယ်ဆိုတာကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် စစ်ကောင်စီသည်လည်း ဗဟိုစစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အတိုင်း လိုက်ပါ ဆောင်ရွက်လာတာကို တွေ့မြင်နေရပါတယ်။ သတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တပ်ပြီး တစ်စိတ်ကို တစ်အိတ်လုပ်ကာ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကြွားဝါဖို့လောက်သာ မီဒီယာတွေကို အသုံးချတတ် ကြပါတယ်။ အမှန်တကယ်လိုအပ်လို့ မေးလာတဲ့အခါမျိုးမှာ ဆင်ဝှေ့ရန်ရှောင် အဖြေမျိုးကလွဲရင် ပြည်သူတွေ အမှန်တကယ် သိသင့်တဲ့အဖြေမျိုးကို မဖြေတတ်ကြပါဘူး။
အုပ်စိုးသူ အာဏာပိုင်များအနေဖြင့်လည်း သတင်းမီဒီယာတွေပေါ်က အချက်အလက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက် ပေးရတာများ ရှိသလို သတင်းမီဒီယာတွေအနေနဲ့လည်း အာဏာပိုင်တွေဆီက အချက်အလက်တွေကို အပြန် အလှန် ရယူနိုင်ဖို့ လိုအပ်ပါတယ်။
အာဏာပိုင်အဖွဲ့အစည်းပဲဖြစ်စေ၊ အများနဲ့သက်ဆိုင်တဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ စသည်ဖြင့် ဘယ်အဖွဲ့ အစည်းကိုပဲ ဖြစ်ပါစေ မီဒီယာအနေနဲ့ ကောင်းတာလုပ်ရင် ကောင်းတာရေးသလို လွဲချော်နေရင်လည်း ထောက်ပြ ဝေဖန်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူကပေးတဲ့ အခွန်ငွေကို လစာအဖြစ်ယူနေကြပြီး ပြည်သူသိသင့်သိထိုက်တဲ့ ကိစ္စမျိုးတွေကို မဖြေကြားဘဲ ရေငုံနှုတ်ပိတ်နေခြင်းဟာ သတင်းမီဒီယာတွေကို ဥပေက္ခာပြုရာရောက်ပါတယ်။ သတင်းမီဒီယာတွေကို ဥပေက္ခာပြုလိုက်ခြင်းသည်ပင်လျင် ပြည်သူကို ဥပေက္ခာပြုတာလည်းဖြစ်ပါတယ်။ ပြည်သူ ကို ဥပေက္ခာပြုလိုက်ရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရနိုင်လိမ့်မည်မဟုတ်ပါ။
ဒါကြောင့် အာဏာရှိသူတွေအနေနဲ့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေကို ဥပေက္ခာပြု လိုက်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဦးတည်သွားနိုင်ပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးရမှာဖြစ်တဲ့အတွက် သတိချပ်စေလိုကြောင်း ရေးသားလိုက်ရပါတယ်။