- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ကန့်ကွက်သည့် ကမ်းပိန်ပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အလိုမရှိကြောင်း ကန့်ကွက်သည့် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
28 Oct 2022
အကောင်အထည်ဖော်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ကန့်ကွက်သည့် ကမ်းပိန်းစာရွက်များကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အလိုမရှိကြောင်း ကန့်ကွက်သည့် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းကို ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မည့် မဒေးကျွန်းအနီးက သံဇစ်မြစ်အတွင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကမ်ပိန်းပြုလုပ်ရာတွင် “ရေနက်ဆိပ်ကမ်းစီမံကိန်း အလိုမရှိကြောင်း၊ ရေလုပ်သားများကို လေးစားရန်၊ ဒေသခံများ သဘောတူညီမှု မပါသည့်စီမံကိန်း ချက်ချင်းရပ်တန့်ရန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံရေလုပ်သားများအတွက် အဆင်မသင့်ပါစေနှင့်အပါအဝင် ရေလုပ်သားများ၏ နစ်နာမှုကိုဖြေရှင်းပေးရန်” စသည့်အချက်များ ပါဝင်သည်။
ရေနက်ဆိပ်ကမ်းပြုလုပ်နေသည့်အတွက် ဒေသခံရေလုပ်သားများမှာ အခက်အခဲဖြစ်လာနိုင်ကြောင်း မဒေးကျွန်းမှ ရေလုပ်သားတစ်ဦးဖြစ်သည့် ကိုမောင်ထွန်းအေးကပြောသည်။
“ဘယ်လိုအခက်အခဲ ဖြစ်လာနိုင်သလဲဆိုတော့ သူတို့က သူတို့လုပ်ချင်တာကိုပဲ လုပ်နေကြတာ။ ဒေသမှာ ငါးတွေတောင် ရှာမဖြစ်နေပြီ။ ရေလုပ်သားတွေဆိုတော့ ငါးရှာလို့မရရင် စားဝတ်နေရေးကအစ အခက်အခဲတွေ ပိုရှိနိုင်တာပေါ့”ဟု အဆိုပါဒေသခံက DMG သို့ပြောသည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ယခင်တည်ဆောက်ခဲ့သည့် ရေနံပိုက်လိုင်းစီမံကိန်းမှာလည်း ဒေသခံ ရေလုပ်သားများအတွက် အခွင့်အရေးတစ်စုံတစ်ရာ မရရှိဘဲ ပျက်စီးဆုံးရှုံးမှုများသာရှိခဲ့သည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို လေ့လာစောင့်ကြည့်နေသည့် Center for Peace and Development (CPD)မှ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းကြည်ကဆိုသည်။
“၂၀၁၇ တုန်းကလည်း တောင်းဆိုချက်တွေကို အစိုးရက မျက်ကွပ်ပြုခဲ့တယ်။ မျက်ကွပ်ပြုခဲ့တဲ့အတွက် သူတို့ရဲ့ ရေလုပ်ကွက် ၅၀ ရာခိုင်နှုန်းဟာ ပျက်စီးဆုံးရှုံးခဲ့တယ်။ ဆိုတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းနဲ့ပဲ သူတို့ရဲ့ အသက်မွေးကျောင်းကို ပြုနေကြတာ။ အခုလို ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ရင်တော့ သူတို့အတွက် ပိုပြီးတော့ ဆုံးရှုံးသွားနိုင်တယ်”ဟု ကိုထွန်းကြည်ကပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ်ကုမ္ပဏီ(CITIC)နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့သည်။
အဆိုပါစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်းအတွက် စုစုပေါင်းမြေ(၆၄၃ ဒသမ ၈၈)ဧကကို အသုံးပြုတည်ဆောက်ရန် လျာထားသည်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို လက်ရှိတွင် စစ်ကောင်စီက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ခုနှစ်ဘီလီယံခန့်မှန်းထားပြီး အဆင့်သုံးဆင့်ခွဲ၍ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် “ကျောက်ဖြူအထူးစီးပွားရေးဇုန်” စီမံကိန်းနှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု စစ်တမ်းနှင့် လူမှုစီးပွားထိခိုက်နိုင်မှုစစ်တမ်း (ESIA)လုပ်ငန်းများကို လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိထားသည့် Myanmar Survey Research (MSR)အဖွဲ့က ကောက်ယူလျက်ရှိသည်။ လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါစစ်တမ်းကို အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူမှ DMG သို့ ပြောဆိုထားသည်။
“ဒီစစ်တမ်းတွေက ပြည်သူတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဒီစစ်တမ်းတွေကို သူတို့လိုချင်တဲ့အတိုင်း ရေးတာမျိုးမဖြစ်ဖို့နဲ့ ဒီစစ်တမ်းတွေကို ရောင်းဖို့သက်သက်လုပ်တာမျိုး မဖြစ်ဖို့လဲ လိုအပ်ပါတယ်”ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ကိုမျိုးလွင်က ပြီးခဲ့သည့် စက်တင်ဘာလတွင် DMG သို့ ပြောထားသည်။
တရုတ်ကုမ္ပဏီ(CITIC)နှင့် သဘောတူညီချက်များအရ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်း အစိတ်အပိုင်းများ၊ စီမံကိန်းတည်ရှိသော ကျွန်းနှစ်ကျွန်းကိုဆက်သွယ်မည့် ၁၅ - ကီလိုမီတာအရှည်၊ ၄-လမ်းမောင်း လမ်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် ESIA လေ့လာဆန်းစစ်ခြင်းများကိုလည်း MSR အဖွဲ့မှ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။