- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ရဲကင်းစခန်းပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် အလုံး ၅၀ ထက်နည်းကို ဖြိုဖျက်ပြီးနောက် ရဲကင်းစခန်းကို တိုးချဲ့ကာ ခံတပ်အဖြစ် အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။
13 Nov 2024
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ တိုးချဲ့ပြင်ဆင်နေကြောင်း DMG သတင်းရင်းမြစ်ထံမှ သိရသည်။
စက်ရုံစုရပ်ကွက် ရဲကင်းစခန်းပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် အလုံး ၅၀ ထက်နည်းကို ဖြိုဖျက်ခဲ့ပြီးနောက် ခံတပ်အဖြစ် အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။
“နေအိမ်တွေကို ဖျက်ဆီးပြီးနောက်မှာ ရဲကင်းစခန်းကို အုတ်တံတိုင်းတွေနဲ့ အခိုင်အမာ လုပ်ဆောင်နေတာပါ။ အခုတော့ ပတ်ပတ်လည်ကို အုတ်မြစ်ချနေပြီ။ အထဲမှာ ကတုတ်ကျင်းတွေလည်း တူးထားတယ်။ အင်အားတိုးချဲ့ထားတာကိုလည်း တွေ့ရတယ်” ဟု DMG သတင်းရင်းမြစ်က ပြောသည်။
စက်ရုံစုရပ်ကွက်တွင် အခြေခံလက်လုပ်လက်စား ဒေသခံနေအိမ် ထောင်နှင့်ချီရှိသည်။
ရဲကင်းစခန်း နယ်မြေတိုးချဲ့မှုကြောင့် နေအိမ်ဖြိုဖျက်ခံလိုက်ရသူများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်များတွင် နေထိုင်နေရပြီး စားဝတ်နေရေးအခက်အခဲ ရှိနေကြသည်။
“စစ်ဘေးရှောင်သွားလို့ အိမ်ပိုင်ရှင်မရှိတဲ့ အိမ်လည်းရှိသလို အိမ်ပိုင်ရှင်ရှိတဲ့ အိမ်လည်းရှိတာပေါ့။ သူတို့က ဖြိုရမယ်ဆိုတာနဲ့ ဖြိုဖျက်လိုက်ရတာ။ အိမ်ဖြိုခံရသူတွေက ဘုန်းတော်ကြီးကျောင်းတို့၊ ဆွေမျိုးနေအိမ်တွေမှာ နေနေကြတယ်။ ဒီလောက်ခက်ခဲနေတဲ့ကာလမှာ အိမ်လည်းဖြိုဖျက်ခံလိုက်ရတော့ နေထိုင်ရေးကအစ အားလုံးခက်ခဲသွားတာပေါ့” ဟု ယင်းအခြေနေကိုသိရှိသူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
အလားတူ စစ်ကောင်စီသည် စစ်တွေမြို့တွင်းရှိ ကျန်ရဲစခန်းများ၌လည်း ခံတပ်အဖြစ်အခိုင်အမာ ပြင်ဆင်ကာ လူအင်အား အလုံးအရင်းဖြည့်တင်းထားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကမ်းနားလမ်းတစ်လျှောက်ကို ခြံစည်းရိုးကာရံခြင်း၊ မြို့ပြင်နေရာအချို့တွင် ကတုတ်ကျင်းများ၊ စစ်ဆေးရေးဂိတ်များ တိုးချဲ့ခဲ့ပြီးနောက် လက်ရှိမှာ မြို့တွင်းနေရာအထိ ခံတပ်များ ပြင်ဆင်နေခြင်း ဖြစ်သည်။
“ဒါကတော့ရှင်းပါတယ်။ နပခတို့ မောင်တောမြို့တွေ ကျသွားရင် AA က စစ်တွေကို တိုက်လာမှာကို သူတို့ ကြိုသိနေတဲ့အတွက် မြို့ပြင်ခံစစ်ပြီးရင် မြို့တွင်းခံစစ်တွေ လုပ်လာတာဖြစ်တယ်။ တစ်ခုပြီးတစ်ခု တစ်ဆင့်ချင်း လုပ်နေတာပေါ့နော်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး လမ်းပိတ်ထားမှု၊ ငွေကြေးနှင့် အခြားအခက်အခဲတို့ကြောင့် မြို့တွင်းနေထိုင်သူများလည်း ရှိနေသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ကြိုကြား ကြိုကြားရှိနေပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာလျက်ရှိနေသည်။