- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ဥပဒေပါအခွင့်အရေးကို ချိုးဖောက်ခံနေရသူများအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ
မြို့တစ်ခုရဲ့ သန့်ရှင်းသာယာမှုကို ဆောင်ရွက်နေကြသူတွေထဲမှာ အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ သို့ပေမဲ့ သူတို့တွေဟာ အလုပ်သမားဥပဒေအရ ပြဋ္ဌာန်းထားတဲ့ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကိုမရရှိကြဘဲ အလုပ်ချိန်မှာလည်း ၈ နာရီထက်ကျော်လွန်ပြီး လုပ်ဆောင်ကြရပါတယ်။
09 Aug 2022
DMG ၊ သြဂုတ်လ
အယ်ဒီတာ့အာဘော်
နိုင်ငံတစ်ခုမှာ အခြေခံအလုပ်သမားဆိုတာ မရှိမဖြစ်လိုအပ်တဲ့ လုပ်သားအင်အားပါ။ အဲဒါကြောင့်လည်း နိုင်ငံတိုင်းမှာ အလုပ်သမားတွေကိုကာကွယ်ပေးရမည့် ဥပဒေတွေကို ရေးဆွဲအကောင်အထည်ဖော်ထားကြပါတယ်။
မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေကိုအကာအကွယ်ပေးတဲ့ ဥပဒေကရှိပြီးသားပါ။ ၂၀၁၈ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့တဲ့ အလုပ်သမားဥပဒေဟာဆိုရင်လည်း ပြီးပြည့်စုံမှုမရှိခဲ့ပေမဲ့ အတော်အသင့်ကောင်းမွန်တဲ့ဥပဒေလို့ ဆိုရမှာဖြစ်ပါတယ်။
အခြေခံအလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခ အခကြေးငွေကိုသတ်မှတ်ထားပြီး လုပ်ငန်းခွင်ထိခိုက်မှု အာမခံကြေးတွေကိုပါ ထည့်သွင်းရေးဆွဲထားတာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက အခြေခံအလုပ်သမားတွေဟာ ဥပဒေပါအခွင့်အရေးတွေကို အပြည့်အဝမခံစားရဘဲ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။
အထူးသဖြင့် နေ့စားလပေး အစိုးရဝန်ထမ်းတွေအထဲက အောက်ခြေလုပ်သားတွေနဲ့ စားသောက်ဆိုင်အပါအဝင် လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်တွေက အလုပ်သမားတွေဟာ ဥပဒေမှာပါရှိတဲ့အခွင့်အရေးကို ဆုံးရှုံးနေကြရပါတယ်။
မြို့တစ်ခုရဲ့ သန့်ရှင်းသာယာမှုကို ဆောင်ရွက်နေကြသူတွေထဲမှာ အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ သို့ပေမဲ့ သူတို့တွေဟာ အလုပ်သမားဥပဒေအရ ပြဋ္ဌာန်းထားတဲ့ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကိုမရရှိကြဘဲ အလုပ်ချိန်မှာလည်း ၈ နာရီထက်ကျော်လွန်ပြီး လုပ်ဆောင်ကြရပါတယ်။
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တစ်နေ့လုပ်ခ ဘတ် ၃၀၀ ကျပ်သတ်မှတ်ထားပြီး သူတို့ရဲ့ နိုင်ငံသားတစ်ယောက်ကို တစ်နေ့တာအတွက် အလုပ်ခိုင်းရင် ဘတ် ၃၀၀ ကျပ်ကို အပြည့်အဝ ပေးဆောင်ကြရပါတယ်။ လက်ရှိ ငွေဈေးနဲ့တွက်ရင် မြန်မာငွေ ကျပ်တစ်သောင်းခွဲလောက်ကို ရရှိကြတာပါ။
ကုန်ဈေးနှုန်းတည်ငြိမ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ တစ်နေ့တာလုပ်အားခဟာ မိသားစုတစ်ခုအတွက် ဖူလုံမှုပေးနိုင်တဲ့ အခြေအနေမှာရှိပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းဟာ တဟုန်ထိုးမြင့်မားလာနေပြီး လူလတ်တန်းစား အလုပ်သမားတွေတောင် အခက်တွေ့နေကြရချိန်မှာ အလုပ်သမားဥပဒေပါ ၄၈၀၀ ကျပ်ကို ခံစားခွင့် မရရှိကြတဲ့ အခြေခံအလုပ်သမားတွေရဲ့ စားဝတ်နေရေးဟာ ရင်လေးစရာတစ်ခု ဖြစ်နေပါတယ်။
စားသောက်ဆိုင်နဲ့ ထမင်းဆိုင်အချို့မှာ စားပွဲထိုးအလုပ်ကို လုပ်နေကြသူတွေရဲ့ လစာဝင်ငွေဟာ တစ်သိန်းဝန်းကျင်ခန့်သာ ရှိတဲ့အတွက် တစ်နေ့ကို ၃၀၀၀ ကျော်လောက်သာ ရရှိကြပါတယ်။ ကလေးလုပ်သားတွေဆိုရင် တစ်လမှာ ၅ သောင်းကျပ်မှ ၆ သောင်းကျပ်လောက်နဲ့ တနေကုန် အလုပ်လုပ်နေကြရပါတယ်။
လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ၂၈၀၀ ဝန်းကျင်မှာရှိနေတဲ့အချိန်၊ စားသုံးဆီတစ်လီတာကို ၆၀၀၀ လောက် မြင့်တက်နေတဲ့အချိန်မှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ရှင်သန်နေကြရသူတွေ များစွာရှိနေပါသေးတယ်။
ဒါဟာ လုပ်ငန်းရှင်တွေအနေနဲ့ ပြဌာန်းထားတဲ့ဥပဒေတွေကို ချိုးဖောက်ရာရောက်သလို အလုပ်သမားတွေ ကိုယ်တိုင်က မိမိတို့ရဲ့အကျိုးခံစားခွင့်ကို မသိရှိတာကြောင့်လည်းဖြစ်ပါတယ်။
ညစ်ပတ်နံစော်နေတဲ့ အမှိုက်သရိုက်တွေနဲ့၊ စားကြွင်းသောက်ကျန်တွေကို ဖယ်ရှားပေးနေရတဲ့ စည်ပင်က နေ့စားဝန်ထမ်းတွေရဲ့လစာဟာ တစ်နေ့လုပ်ခအတွက် ၃၀၀၀(သုံးထောင်)ကျပ်သာ ရရှိတယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ အခြေအနေတစ်ခုလို့ မြင်မိပါတယ်။
နောက်တစ်ခါ ကလေးလုပ်သားတွေရဲ့ ပြဿနာပါ။ မြန်မာနိုင်ငံတဝှမ်း မြို့တိုင်းက စားသောက်ဆိုင်၊ ဘီယာဆိုင်နဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ကလေးလုပ်သားတွေကို တွေ့မြင်နေကြရပါတယ်။ အမှန်တကယ်တော့ ကလေးလုပ်သားတွေကို ခိုင်းစေမှုဟာ အဓမ္မလုပ်အားခိုင်းစေမှု(Force Labour) မြောက်ပေမဲ့ ဆင်းရဲမွဲတေလှတဲ့ မြန်မာပြည်မှာတော့ မသိကျိုးကျွံပြုထားရတဲ့ အခြေအနေမျိုးပါ။
သို့ပေမဲ့လည်း အလုပ်ချိန် အတူတူလုပ်ရပါလျှက်နဲ့ ကလေး/လူကြီးဆိုတဲ့ လုပ်အားခမမျှတမှုကိုတော့ လျှော့ချဖို့ လိုပါလိမ့်မယ်။
ဥပဒေတစ်ခုကို ပြဌာန်းအတည်ပြုပေးထားပေမယ့်လည်း လိုက်နာအကောင်အထည်ဖော်ရတဲ့ သက်ဆိုင်ရာဌာနတွေက လွဲမှားစွာအသုံးချလာကြတဲ့အခါ ဥပဒေဆိုတာဟာလည်း လုပ်စားစရာခွင်(ဂွင်)တစ်ခု အဖြစ်နဲ့သာ ဆက်လက်ရှင်သန်နေမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့် အလုပ်သမားအရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ မြင်တွေ့ရခက်ခဲသလို သက်ဆိုင်ရာ အလုပ်သမားရေးရာဝန်ကြီးဌာနအနေနဲ့လည်း တိကျသေချာစွာ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေပါတယ်။
သက်ဆိုင်ရာဒေသအလိုက် ဌာနတွေအနေနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးတာမျိုးကို မတွေ့ရသေးပါဘူး။
ဒီအတွက်ကြောင့် ဥပဒေပါအခွင့်အရေးတွေကို ဆုံးရှုံးနစ်နာခံစားနေကြရတဲ့ အောက်ခြေလူတန်းစား အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ထိန်းသိမ်းကာကွယ်ပေးနိုင်ကြဖို့အရေး သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့တွေက စိစစ်ကြပ်မတ်ပေးကြစေလိုကြောင်း DMG က တိုက်တွန်းရေးသားလိုက်ရပါတယ်။