အိမ်ပြန်ချိန်နဲ့ ထပ်မဝေးလိုသူများ

ရခိုင်ပြည်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ကမန်နဲ့မွတ်ဆလင် ဒုက္ခသည်တွေဟာ အသွားအလာကန့်သတ်ခံမှုကိုလည်း ရင်ဆိုင်နေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့်မရတာကြောင့် စားဝတ်နေရေးအပါအဝင် အခြားကဏ္ဍတွေမှာလည်း အခက်အခဲကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

By သားကြီး သြရသ 30 Jan 2022

DMG ၊ ဇန်နဝါရီ ၃၀

(ဆောင်းပါး)

ဟောင်းနွမ်းနေတဲ့ မိုးပြာရောင်ပလက်စတစ်ထိုင်ခုံပေါ်မှာ အသားညိုညို၊ ဆံပင်ဖြူဖြူ၊ ပါးရေနားရေတွေ တွန့်လိမ်နေတဲ့ အသက်(၇၅)နှစ်အရွယ် အဘွားတစ်ဦး နေပူဆာလှုံရင်း နီးနီးကပ်ကပ်ဆောက်ထားတဲ့ တဲအိမ်တန်းတွေဘက်ဆီ ငေးမျှော်နေပါတယ်။

သုံးပေဝန်းကျင်သာရှိတဲ့လူသွားလမ်းမှာ ဘေးတစောင်းထိုင်နေတဲ့အဘွား အဘွားဒေါ်စံဖြူ(အမည်လွဲ)ဟာ စစ်တွေမြို့ သက္ကယ်ပြင်(IDP Camp)မှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပါတယ်။ အဘွားဟာ မူလကနေထိုင်ခဲ့တဲ့ နေရာဆီပြန်သွားရမယ့်အချိန်ကို ဒုက္ခသည်စခန်းထဲကနေ စောင့်မျှော်နေခဲ့တာဟာ အခုဆိုရင် ၁၀ နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။

ရာသီတွေပြောင်းလဲသွားခဲ့ပေမယ့်လည်း အဘွားဒေါ်စံဖြူအပါအဝင် (IDP Camp)မှာ နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရပ်ပြန်ရမယ့်အချိန်ဟာ မရေရာမသေချာသေးဘဲ ဝေဝါးနေဆဲဖြစ်ပါတယ်။

“ဘယ်အချိန်မှ နေရပ်ပြန်သွားရမယ်မှန်းမသိဘူး။ ဒီနေရာမှာ သေသွားမှာလား။ အဲဒီနေရာ(မူလနေရပ်)ကို ရောက်မှာလားဆိုတာ မသိဘူး”လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။

အဘွားဒေါ်စံဖြူဟာ ရခိုင်မျိုးနွယ်စုဝင်(၇)ခုထဲက ကမန်တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းကို မရောက်မီအချိန်က စစ်တွေမြို့၊ နာဇီရွာ(စက်ရုံစုအကွက်-၂)မှာ မိသားစုရှစ်ဦးနဲ့အတူ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဘွားတို့မိသားစု နေအိမ်ရှေ့မှာဆိုင်ဖွင့်ပြီး စားသောက်ကုန်ပစ္စည်းတွေရောင်းချခဲ့သလို ပိုင်ဆိုင်တဲ့ မြေကွက်တချို့ကိုလည်း အခကြေးငွေနဲ့ နှစ်စဉ်ငှားရမ်းပြီး လုပ်ကိုင်စားသောက်ခဲ့ကြတာပါ။ ဒါ့အပြင် ဓနိ(အုန်း)တောတွေ၊ စိုက်ပျိုးထားတဲ့ ဟင်းခင်းတွေကလည်း ဝင်ငွေတွေရရှိကြပါတယ်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ အဘွားဒေါ်စံဖြူတို့မိသားစု တည်ဆောက်ထားတဲ့ အသိုက်အမြူ ပြိုကွဲသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တစ်မြို့ကနေတစ်မြို့ကူးစက်လာတဲ့ လူမျိုးရေးပြဿနာဟာ အဘွားတို့နေထိုင်ရာ စစ်တွေမြို့ဆီလည်း ကူးစက်ခဲ့ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားတဲ့နောက်မှာ ကမန်တွေဟာ မွတ်ဆလင်တွေနဲ့အတူ ဒုက္ခသည်တွေစခန်းတွေဆီ ရောနှောပြီးရောက်ရှိသွားခဲ့ကြပါတယ်။

“ဘာကြောင့်နဲ့မှန်းမသိ လူတွေကိုမောင်းထုတ်တဲ့အခါ နောက်ကပါသွားတယ်။ ပါသွားတဲ့အချိန်မှာလည်း အိမ်ကပစ္စည်းတွေတစ်ခုမှ ယူဖို့မရခဲ့ဘူူး။ သူများကပေးတဲ့ အဝတ်တွေကို ဝတ်ပြီးနေထိုင်ခဲ့ရတယ်”လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိုးအိမ်ကိုစွန့်ခွာပြီးလာခဲ့ရတဲ့အကြောင်း အဘွားအိုဒေါ်စံဖြူက ပြောပြပါတယ်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသတွင်းမှာနေထိုင်တဲ့ အသိုင်းအဝိုင်းအားလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ နေအိမ်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီထဲက သိန်းနဲ့ချီတဲ့မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ကမန်လူမျိုးတချို့ဟာ ဒုက္ခသည်စခန်းတွေဆီ အသီးသီးကိုရောက်ရှိသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား(၁၃၅)မျိုးထဲက ကမန်တိုင်းရင်းသားတွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၈)၊ ပုဒ်မ-၃၅၅ မှာ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘယ်နေရာ၊ ဘယ်အရပ်ဒေသမှာမဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပဋိပက္ခမဖြစ်မီက ရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေကြား ပြဿနာတစ်စုံတစ်ရာမရှိဘဲ မိသားစုလို အတူတကွနေထိုင်ပြီး လုပ်ကိုင်စားသောက်ခဲ့တဲ့ အရင်ကအချိန်တွေကို အဘွားဒေါ်စံဖြူတစ်ယောက် ဒုက္ခသည်စခန်းထဲကနေ လွမ်းဆွတ်သတိရနေပါတယ်။

“ကိုယ့်နေရာမှာဆိုရင် သွားချင်တဲ့အချိန်သွား။ လာချင်တဲ့အချိန်လာပြီး စိတ်ချမ်းသာမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရတယ်”လို့ အရင်အချိန်တွေကို အဘွားဒေါ်စံဖြူက သတိတရပြောပြပါတယ်။

လက်ရှိ အဘွားဒေါ်စံဖြူနေထိုင်ရာ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီးတော့ မွတ်ဆလင်နဲ့ ကမန်ဒုက္ခသည်ဦးရေ ၆၆၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိပါတယ်။ ဒုက္ခသည်တွေထဲက အများစုကတော့ မွတ်ဆလင်တွေဖြစ်ကြပါတယ်။

အဲဒီဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးကို တစ်လမှာ ငွေကျပ်(၁၆၀၀၀)နှုန်းနဲ့ ထောက်ပံ့ပေးထားပါတယ်။ တခြားအဖွဲ့အစည်းတချို့ကလည်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဆပ်ပြာထုပ်တွေ ထောက်ပံ့တာရှိတယ်လို့ ဆိုပါတယ်။

အထောက်အပံ့တွေဟာ ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအပါအဝင် ပြင်ပလူမှုရေး ကိစ္စတွေကို ဖြေရှင်းနိုင်တာမရှိတဲ့အတွက် လုံလောက်မှုမရှိတဲ့အခါ ဒုက္ခသည်အချင်းချင်း ငှားရမ်းစားသောက်ကြရတယ်လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။

“အလုပ်က ဘာမှမရှိဘူး။ ရိက္ခာတစ်ခုပဲရတယ်။ ရိက္ခာတစ်ခုနဲ့ စားသောက်ဖို့ဆိုတာကို ထားအုံး။ ဆေးကုဖို့တောင် မလုံလောက်ဘူး”လို့ အဘွားကဆိုပါတယ်။

ရခိုင်ပြည်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ကမန်နဲ့မွတ်ဆလင် ဒုက္ခသည်တွေဟာ အသွားအလာကန့်သတ်ခံမှုကိုလည်း ရင်ဆိုင်နေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့်မရတာကြောင့် စားဝတ်နေရေးအပါအဝင် အခြားကဏ္ဍတွေမှာလည်း အခက်အခဲကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၁၀ စုနှစ်တစ်ခုကြာ IDP စခန်းမှာနေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ သွားလာခွင့်ကန့်သတ်ခံရမှုကြောင့် စိတ်မွမ်းကျပ်မှုကို ခံစားနေကြရပါတယ်။ ဆင်းရဲကျပ်တည်းမှုဒဏ်ကို မခံစားနိုင်တဲ့အတွက် သွားလာခွင့်ကန့်သတ်ခံထားရတဲ့ကြားက ဒုက္ခသည်တွေဟာ အစုလိုက် ခိုးထွက်မှုတွေရှိလာနေပါတယ်။

ဒုက္ခသည်စခန်းကိုမရောက်မီအချိန်က လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့် စတဲ့နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝခံစားခဲ့ရတယ်လို့ အဘွားဒေါ်စံဖြူကပြောပြပါတယ်။ နှစ်ကာလရှည်ကြာစွာ ဒုက္ခသည်စခန်းထဲမှာ ဆင်းရဲကျပ်တည်းမှုဒဏ်ကိုခံစားနေရတာကြောင့် မူလနေရာကို ပြန်သွားချင်တဲ့စိတ်ကနေ အခြားမရှိဘူးလို့လည်း အဘွားကဆိုပါတယ်။

“ဘယ်ကိုမှ သွားဖို့စိတ်မရှိဘူး။ ကိုယ့်မူလနေရာကိုပဲသွားချင်တယ်။ အဲဒီနေရာလေးကို သွားပြီးနေချင်တယ်။ နိုင်ငံခြားတွေကိုသွားဖို့ စိတ်ထဲမှာတောင်မရှိဘူး”

ဒုက္ခသည်တွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက် ရခိုင်က IDP စခန်းတွေပိတ်သိမ်းရေး မဟာဗျုဟာတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒုက္ခသည်တွေကို သူတို့ရဲ့အရင်ဒေသမှာ ပြန်လည်နေရာချထားပေးဖို့၊ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ အပါအဝင် လူမှုစီးပွားဘဝတွေကိုမြှင့်တင်ပေးဖို့ ကိုဖီအာနန်ရဲ့အကြံပြုချက်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်မှာ (NLD)အစိုးရထံ တင်သွင်းခဲ့ပါတယ်။

ကျောက်တော်နဲ့ မြေပုံမြို့နယ်က IDP ဒုက္ခသည်စခန်းတချို့ကိုပိတ်သိမ်းပြီး နေရာချထားပေးနိုင်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ အဘွားဒေါ်စံဖြူတို့လည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတော့တယ်။

ဒါပေမယ့် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ဆောင်ရွက်နေစဉ်မှာဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမှုဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီးမျှော်လင့်ချက်ဟာ မရေရာမသေချာဘဲ မှေးမှိန်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး (၁၁)လအကြာမှာတော့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်တချို့နဲ့ ရခိုင်ပြည်နယ်စစ်ကောင်စီက တာဝန်ရှိသူတွေဟာ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူမြို့နယ်တွေက IDP စခန်းတွေကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ပြန်လည်နေရာချထားရေးကိစ္စကို ကြိုးစားဆောင်ရွက်နေတယ်လို့ ဝန်ကြီးတွေက ဒုက္ခသည်တွေကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။ (NLD)အစိုးရလက်ထက်က မဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စတွေကို အခုစစ်ကောင်စီလက်ထက်မှာ လုပ်ဆောင်နိုင်မှာလားလို့ သံသယရှိနေသူက ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တစ်ခုထိ နေထိုင်လာသူဖြစ်တဲ့ အသက်(၆၄)အရွယ် ဒေါ်လှနု(အမည်လွဲ) ဖြစ်ပါတယ်။

“စစ်ကောင်စီက တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒီ IDP စခန်းကဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို ဦးစားပေးလုပ်ပေးနိုင်မလား”လို့ ဒေါ်လှနုက မေးခွန်းထုတ်ပါတယ်။

တစ်ဖက်မှာလည်း အခုဒီဇင်ဘာလအတွင်း ရခိုင်က မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ ထူးခြားဖြစ်စဉ်တွေကို ဆက်တိုက်ဆိုသလိုတွေ့လာရပါတယ်။ ထွေ/အုပ်ဝန်ထမ်းတစ်ဦး အသတ်ဖြတ်ခံရတာ၊ စပါးရိတ်စက်တွေ၊ စပါးပုံတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီလိုသတင်းတွေကို IDP စခန်းကနေကြားနေရတဲ့ ဒေါ်လှနုကတော့ လူမျိုးရေးပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်စိတ်တွေဖြစ်မိတယ်လို့ ဖွင့်ဟပါတယ်။

“(လူမျိုးရေးပဋိပက္ခ)တစ်ကြိမ်ဖြစ်တာတောင် အခုဆိုရင် (IDP ဒုက္ခသည်စခန်းမှာ)နေရတာ ဆယ်နှစ်ရှိနေပြီ။ နောက်တစ်ခေါက်ဖြစ်ရင် ထပ်ပြီးဘယ်လောက်ထိခံရမလဲမသိဘူး”လို့ ဒေါ်လှနုကဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လှနုတို့လို IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ သူတို့ရဲ့မူလနေရာမှာ ပြန်လည်အခြေချနိုင်ဖို့၊ လွတ်လပ်စွာသွားလာခွင့်ရပြီး အရင်လိုလုပ်ကိုင်စားသောက်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။

အနေဆင်းရဲ၊ အစားဆင်းရဲပြီး ဒုက္ခမျိုးစုံနဲ့ ဒုက္ခသည်စခန်းမှာဖြတ်သန်းနေရတဲ့ အဘွားဒေါ်စံဖြူက ဘဝရဲ့နေဝင်ချိန်မရောက်မီ ဆယ်စုနှစ်လောက်ဝေးကွာနေတဲ့မူလနေရပ်မှာ ပြန်လည်အခြေချနေထိုင်လိုတဲ့ ဆန္ဒကကြီးစိုးလို့နေပါတယ်။

“နေရပ်ပြန်သွားနိုင်မယ်ဆိုရင် ကိုယ့်လူမျိုးတွေ၊ မိသားစုလိုနေထိုင်ခဲ့တဲ့ အိမ်နီးချင်းတွေနဲ့ အတူနေထိုင်ရတဲ့နေ့မှ စိတ်အေးမှာဖြစ်တယ်”

သားကြီး သြရသ ရေးသည်။