- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်တွင် ကွမ်းသီးဝယ်လိုအားနှင့် ကွမ်းသီးဈေးနှုန်း ကျဆင်းနေ
ရခိုင်ပြည်အတွင်းက ကွမ်းသီးများကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ဒေသထွက် ကွမ်းသီးဝယ်လိုအား ကျဆင်းနေပြီး ကွမ်းသီးစိုက်တောင်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
16 Oct 2023
DMG ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်အတွင်းက ကွမ်းသီးများကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ဒေသထွက် ကွမ်းသီးဝယ်လိုအား ကျဆင်းနေပြီး ကွမ်းသီးစိုက်တောင်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကွမ်းသီးတင်ပို့ခွင့် ပိတ်ပင်ခံရသည့် ယခုနှစ်ဇွန်လမှ စတင်ကာ ကွမ်းသီးဝယ်လိုအား ကျဆင်းလာခြင်းဖြစ်ပြီး လက်ရှိတွင် ကွမ်းသီးဝယ်လိုအားမှာ မရှိသလောက်နည်းပါးနေသည်ဟု ကွမ်းသီးစိုက်တောင်သူများက ပြောဆိုကြသည်။
“ကွမ်းသီးတွေက လုံးဝရောင်းမထွက်တော့ ကွမ်းသီးလုပ်ငန်းကို အားကိုးပြီး လုပ်ကိုင်နေတဲ့သူတွေက ဒုက္ခရောက်နေကြတယ်။ ကုန်းဈေးနှုန်းက အဆမတန်တက်လာတယ်။ ကိုယ့်မှာရောင်းရတဲ့ ကွမ်းသီးတွေကလည်း ဈေးမရဘူး။ ရတဲ့ဈေးနဲ့ ရောင်းချကြတဲ့သူတွေကလည်း ဒီအတိုင်းပဲ။ အရင်းတွေကို အရှုံးခံပြီး ရောင်းနေကြတာဖြစ်တယ်” ဟု မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာမှ ဒေါ်အေးခိုင်ညိုက ပြောသည်။
ယခင်က ကွမ်းသီး ၂၅ ပိဿာ(တစ်မောင်း)ကို ငွေကျပ် ၁ သိန်းကျော်အထိ ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၆ သောင်းခန့်သာ ရရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေမောင်က “အရင်နှစ်တွေမှာက ကွမ်းသီးတွေကို ကျောက်တော်၊ စစ်တွေမြို့နယ်တွေမှာ စက်လှေနဲ့ သွားရောင်းကြတာရှိတယ်။ အခုက အဲဒီဘက်ကလည်း မဝယ်တော့လို့ ရောင်းမယ့်နေရာလည်း မရှိဘူး။ ဒီအတိုင်း အိမ်မှာသိုလှောင်ထားရတော့ စီးပွားရေးကျပ်တည်းမှု ရှိလာကြတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းကို မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အဓိကလုပ်ကိုင်ကြပြီး အခြားမြို့နယ်တို့တွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများရှိသည်။
လက်ရှိတွင် ကွမ်းသီးများမှာ ဈေးကောင်းမရခြင်း၊ ရောင်းအား ကျဆင်းနေခြင်းတို့ကြောင့် အလုပ်သမားများကိုလည်း မငှားနိုင်ဘဲဖြစ်နေရသည်ဟု ဆိုကြသည်။
ပေါက်တောမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ကွမ်းသီးဒိုင်ပိုင်ရှင် ဒေါ်ခတ်ချေက “အရင်နှစ်ကလိုမျိုး ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်ရင်တော့ ပေးနိုင်တယ်။ ဒါပေမဲ့ အခုက ရောင်းအားမကောင်းတော့ အလုပ်သမားတွေလည်း မငှားနိုင်ဘူး” ဟု ပြောသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်မြို့နယ်အချို့တွင် စိုက်ပျိုးသီးနှံ ၃,၉၅၃ ဧက ပျက်စီးသွားခဲ့ပြီး ယင်းအထဲတွင် ကွမ်းသီးပင်စိုက်ခင်း ၁,၃၄၅ ဧက ပျက်စီးဆုံးရှုံးခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။