- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ကြောင်း AA ပြော
လက်ရှိတွင် AA ၏ ထိုးစစ်အရှိန် တဖြည်းဖြည်းမြင့်တက်နေပြီး စစ်ကောင်စီ၏ ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကာ ဒီဇင်ဘာ ၃ ရက်နေ့တွင် တစ်ရက်တည်းတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူမှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်။
04 Dec 2023
DMG ၊ ဒီဇင်ဘာ ၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင်နှင့် နှုံးဗူးဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၄ ရက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီး စစ်ကောင်စီဖက်မှ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် အသုံးပြုတိုက်ခိုက်မှုများရှိလာကြောင်း AA က ထုတ်ပြန်သည်။
လက်ရှိတွင် AA ၏ ထိုးစစ်အရှိန် တဖြည်းဖြည်းမြင့်တက်နေပြီး စစ်ကောင်စီ၏ ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကာ ဒီဇင်ဘာ ၃ ရက်နေ့တွင် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူမှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် ဒီဇင်ဘာ ၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီက (Chemical Warfare Agents) ဓာတုဓာတ်ငွေ့ပါသော ဗုံးများကိုအသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။
ဓာတုဗုံးများအသုံးပြုလာခြင်းကြောင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်မှုလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက “အဲဒီဒေသမှာ ကျန်ရှိနေသေးတဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှုရှိလာနိုင်တယ်” ဟုပြောသည်။
ပလက်ဝတွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်တို့ကို ဖြတ်တောက်ထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများ၌ ဖုန်းလိုင်းမကောင်းသဖြင့် အသေးစိတ် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ခက်ခဲနေသည်။
ပြီးခဲ့သည့်ရက်ပိုင်း တရွန်အိုင်၊ နှုံးဗူးတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် တရွန်အိုင်ရွာနှင့် အထက်မီးဇာကျေးရွာတို့မှ ဒေသခံ ၄ ဦး သေဆုံးကာ၊ ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း DMG က စုံစမ်းသိရသည်။
နိုင်ငံတကာတွင် အသုံးပြုခွင့်ပိတ်ပင်ထားသည့် ဓာတုလက်နက်များကို စစ်ကောင်စီက အသုံးပြုလာခြင်းမှာ ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားများက ဝေဖန်သည်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ဓာတုလက်နက်တို့ ဇီဝလက်နက်တို့ဆိုတာ နိုင်ငံတကာမှာ သုံးစွဲခွင့် ပိတ်ပင်ထားတာ။ တိုက်ပွဲမှာ အနိုင်ရလိုမှုတခုတည်းနဲ့ ဘယ်သူသေသေ ငါတို့အနိုင်ရရင်ပြီးရော ဆိုပြီး လုပ်တာက မကောင်းဘူး။ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ရာကျတယ်။ ဒီလို ဓာတုဗုံးတွေသုံးတာက လုံးဝကို စစ်ရာဇဝတ်မှုကို ကျူးလွန်တာကြောင့် ဓာတုဗုံးတွေသုံးတာကို ဆန့်ကျင်ရမယ်။ နိုင်ငံတကာသိအောင် ဖော်ထုတ်ရမယ်” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် ရှမ်းမြောက်ဒေသ၊ သိန္နီမြို့နယ် နမ့်စလပ်တောင်ကုန်းစခန်းကို နိုဝင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီတပ်က ဓာတု(အဆိပ်)ဗုံး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် MNDAA တပ်ဖွဲ့ဝင်အချို့ ခေါင်းမူး၊ အော့အန်ခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)၏ နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်တွင်လည်း - နမ့်ခမ်းမြို့ရှိ စခန်းသစ် လက်နက်ကြီးကုန်းအား TNLA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဉ်တွင် စစ်ကောင်စီသည် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ဓာတုဗုံးသုံးတိုက်ခိုက်ကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “မည်သည့်တိုက်ပွဲတွင်မျှ ဓာတုအဆိပ်ငွေ့နှင့်တိုက်ခိုက်ခြင်း လုံးဝမရှိဘဲ စွပ်စွဲခြင်းသာဖြစ်ကြောင်း ” အခိုင်အမာ တုံ့ပြန်ပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း စစ်ပွဲများမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး နေရာအနှံ့ပြင်းထန်လာကာ စစ်ကောင်စီက အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်ရှိလာနေသည်။
“စစ်ရေးအရ နိုင်ငံအနှံ့တွင်အထိနာသော စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျလုပ်ရပ်အနေဖြင့် ပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း” AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#D007 #DMG