- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်က ဒေသခံများ တရုတ်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ခွာမှုရှိနေ
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်ဖွင့်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ခွင့်ရရှိရန်အတွက် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေသည့် ရခိုင်က လူဦးရေထောင်နှင့်ချီရှိနေပြီး တချို့မှာ နယ်စပ်ဖြတ်သန်းခွင့် မရသေးသဖြင့် အခက်ကြုံတွေ့နေရကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရာသည်။
28 Sep 2023
DMG ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်၊ မူဆယ်မြို့ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ်ကို စက်တင်ဘာ ၄ ရက်မှစ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားများ တရုတ်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ခွာမှုရှိနေကြသည်။ ယင်းအထဲတွင် ရခိုင်ပြည်အတွင်းက ဒေသခံများလည်း ပါဝင်သည်။
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်ဖွင့်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ခွင့်ရရှိရန်အတွက် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေသည့် ရခိုင်က လူဦးရေထောင်နှင့်ချီရှိနေပြီး တချို့မှာ နယ်စပ်ဖြတ်သန်းခွင့် မရသေးသဖြင့် အခက်ကြုံတွေ့နေရကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တို့ကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိတ်များတွင် TBP (ခေါ်) ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် ကဒ်ပြားများကို ငွေကျပ် ၂,၀၀၀ ဖြင့် ပြုလုပ်ပေးလျက်ရှိပြီး နေ့စဉ် မြန်မာဘက်ခြမ်းမှ လူဦးရေတစ်ထောင်ကျော်ကို ကဒ်ပြားထုတ်ပေးနေကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယအပတ်တွင် မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာမှ အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၁၅ ဦး၊ စုစုပေါင်း ၃၀ ဦး တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်ထွက်ခွာသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြအောင်က ပြောသည်။
“တရုတ်နိုင်ငံကို သွားကြတာက ဒီမှာ စီးပွားရေး လုပ်စရာမရှိတော့ ထွက်သွားကြတာဖြစ်တယ်။ အရင်ကလည်း ထွက်တာရှိတယ်။ ဒါမေမဲ့ အခုရက်ပိုင်းမှာ ပိုပြီးမြင်ရတယ်။ ကျနော်တို့ရွာက ၃၀ လောက်ထွက်သွားတယ်” ဟု DMG ကိုပြောသည်။
ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်အနှံ့ကို DMG က မေးမြန်းချက်အရ ယခုရက်သတ္တပတ်အတွင်း ကျေးရွာများမှ ပျဉ်းမျှ ၁၀ ဦးခန့်မှ ၃၀ ဦးခန့်အထိ အုပ်စုလိုက် ထွက်ခွာမှုရှိနေကြောင်း ကျေးရွာသားများနှင့် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ထိုသို့ ထွက်ခွာရခြင်းမှာ ရခိုင်တွင် အလုပ်အကိုင်အခွင့်လမ်းများ ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည့်အတွက်ဖြစ်ကြောင်း ပြောဆိုကြသည်။
“ကိုယ့်ရခိုင်ပြည်မှာ တစ်ရက်လုပ်အားခ ဝင်ငွေ ၅,၀၀၀ ကျပ်နဲ့က မိသားစုစားသောက်ဖို့ အဆင်မပြေဘူး။ တရုတ်မှာ တစ်ရက်လုပ်အားခက ရခိုင်မှာ ငါးရက်လုပ်အားခထက် ရတယ်။ မိသားစုလည်း ဖူလုံတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာဒေသခံ ဒေါ်မလှဝင်း ပြောသည်။
ပြည်ပထွက်ခွာကြရာတွင် လမ်းစရိတ်ငွေကြေးများအတွက် အိမ်ခြံမြေများကို အတိုးနှင့်ပေါင်နှံ့ကာ သွားကြသူများ ရှိကြောင်းလည်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်းဒေသခံများမှာလည်း ယခုရက်ပိုင်းတွင် ပြည်ပသို့ထွက်ခွာမှု များပြားလာနေကြောင်း သိရသည်။ ကျောက်ကြီးပြင်ကျေးရွာတွင်လည်း ယခုလအတွင်း လူ ၂၀ ထက်မနည်း ထွက်ခွာသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစနေဖြူက ပြောသည်။
“အသက်အရွယ် ငယ်တဲ့သူတွေ၊ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ အများစုသွားကြတယ်။ မိဘတွေ ဆင်းရဲကြတော့ ကုန်ဈေးနှုန်းမြင့်တာတွေနဲ့ အခြားမိသားစုဝင်တွေ ပညာရေးအတွက် သွားကြတာမြင်ရတယ်။ တစ်ချို့ကလည်း ငွေထည့်ပေးတော့ နည်းနည်းပါးပါးအဆင်ပြေတော့ သွားကြတာပါ” ဟု ဦးစနေဖြူက ဆိုသည်။
ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မိမိဒေသကိုစွန့်ခွာကာ ပြည်ပသို့ထွက်ခွာသူဦးရေ လစဉ်တိုးလာနေပြီး ယင်းအထဲမှာ အမျိုးသမီးများလည်း ပါဝင်နေသည်။
ရခိုင်ဒေသခံများမှာ အများအားဖြင့် မလေးရှား၊ ထိုင်းနှင့် အခြားနိုင်ငံများသို့ ထွက်ကြပြီး ယခုအချိန်တွင် တရုတ်နိုင်ငံများသို့ ထွက်ခွာမှုမှာလည်း မြင့်တက်လာနေကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
#I013