မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်တက်လာကြောင်း ဗြိတိန်ပြော 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အလျင်အမြန်မြင့်တက်လာနေ၍ တားဆီးရန် အရေးတကြီး လိုအပ်နေကြောင်း ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က ပြောသည်။ 

26 Nov 2024

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်တက်လာကြောင်း ဗြိတိန်ပြော 

DMG ၊ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အလျင်အမြန်မြင့်တက်လာနေ၍ တားဆီးရန် အရေးတကြီး လိုအပ်နေကြောင်း ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က ပြောသည်။ 

နိုဝင်ဘာ ၂၅ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ နှင့်ပတ်သက်၍ Ken O’Flaherty က ပြောကြားထားခြင်းဖြစ်သည်။ 

“အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ပဓာနကျကြောင်း အခုလိုဆိုးရွားတဲ့ အခြေအနေတွေက ဖော်ညွှန်းနေတာဖြစ်ပါတယ်” ဟု ဗြိတိန်သံရုံး အကြီးအကဲ Ken O’Flaherty  က ပြောသည်။

အမျိုးသမီးများမှာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ငယ်ရွယ်စဉ် အတင်းအကျပ်လက်ထပ်‌ခြင်း စသည့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရကြောင်း ဗြိတိန်သံအမတ်က ထုတ်ပြန်ထားသည်။  

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနှင့် ကမ္ဘာတဝန်းက ကျား/မအခြေပြု အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိနေကြောင်း ပြောဆိုထားသည်။  

မြန်မာနိုင်ငံတဝန်းတွင် စစ်ရေးပဋိက္ခများကြောင့် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေကြသည်။

“ကျမတို့ဘဝက လုံခြုံမှု လုံးဝမရှိဘူး။ စစ်ဘေးရှောင်စခန်းဆိုတော့ ရေချိုးရတာကအစ လုံခြုံမှုမရှိဘူး။ လေကြောင်းရန်ကိုလည်း နေ့တိုင်းတွေးပူနေရတယ်” ဟု ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)၏ စာရင်းအရ စက်တင်ဘာလအတွင်း ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၆ ဦးရှိပြီး အောက်တိုလတွင် သေဆုံးသူ ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးထိ ရှိခဲ့သည်။  

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပြီး ထိုလုပ်ရပ်များကို ရပ်တန့်ရန်၊ အကြမ်းဖက်မှုကျူးလွန်သူ မည်သူ့ကိုမဆို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မပေးရန် မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး (M-WPS) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် တောင်းဆိုထားသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ အာဏာသိမ်းရန် ကြိုးပမ်းသည့် ကာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အမျိုးသမီးစုစုပေါင်း ၅,၇၂၉ ဦး ဖမ်းဆီးခံထားရသည်။