မိုးဦးကာလ မှိုအချို့မှာ အဆိပ်တောက်ဖြစ်တတ်သဖြင့် ဒေသခံများ သတိထားစားသုံးရန်လို

မစားသုံးသင့်သည့် မှိုများကို စားသုံးမိ၍ အချိန်မှီ ဆေးကုသမှု မခံယူပါက အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက သတိပေးပြောကြားသည်။

By Admin 03 Jul 2023

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော မစားသင့်သောမှိုများ
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော မစားသင့်သောမှိုများ

DMG ၊ ဇူလိုင် ၃

ရခိုင်ပြည်နယ်အတွင်းက ဒေသခံတစ်ချို့မှာ ယခုနှစ်အတွင်း မှိုစားသုံးမိရာမှ အစာအဆိပ်သင့်မှုများဖြစ်ပွားခဲ့သဖြင့် သတိထားစားသုံးကြရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက သတိပေးပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာတွင် သရက်ပင်အောက်ခြေ၌ ပွင့်နေသော ခေါင်းနီမှိုကို ချက်စားခဲ့သည့် မိသားစုဝင် ၃ ဦးမှာ အစာအဆိပ်သင့်ပြီး အော့အန်ခြင်း၊ မူးမေ့ခြင်းများဖြစ်ကာ ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း အဆိုပါကျေးရွာသားများကပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် သရက်ပင်၌ ပေါက်နေသော အမည်မသိမှိုကို စားသုံးမိခဲ့သည့် မိသားစုဝင် ၄ ဦးမှာ နေမကောင်းဖြစ်ကာ ဆေးကုသမှုခံယူခဲ့ရသည်။

“သူတို့က စားတဲ့မှိုထင်ပြီး စားလိုက်မိတဲ့အခါ အော့အန်တာတွေ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေရှိတယ်။ အဲဒီလို ဝမ်းသွားတာ အော့အန်တဲ့အခါ ဆေးထိုးပေးလိုက်ရတယ်။ နောက်တော့ နေပြန်ကောင်းသွားတယ်”ဟု ကျောက်ဆိပ်ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ မစားသုံးသင့်သည့် မှိုများကို စားသုံးမိ၍ အချိန်မှီ ဆေးကုသမှု မခံယူပါက အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက သတိပေးပြောကြားသည်။

“မှိုတွေကိုစားတဲ့အခါ သတိထားပြီး စားရမှာပေါ့။ မှိုစားပြီးရင် လက္ခဏာတွေက ဆိုးဆိုးဝါးဝါး။ အစာအဆိပ်သင့် တာပေါ့လေ။ တချို့ဆိုရင် ပုံမှန်ချက်စားနေကျ မှိုတွေကိုတောင် မကျက်သေးခင်စားမိရင် ပြဿနာတက်(အဆိပ် သင့်)တာမျိုးရှိတယ်။ သေချာရွေးချယ်ပြီး ကျက်အောင်ချက်ပြီးမှ စားသင့်တယ်။ နောက်ပြီး စားပြီးလို့ မူးတာ၊ ရင်ခေါင်းတွေ အောင့်တာ၊ ပျို့အန်တာတွေဖြစ်တာတို့၊ နည်းနည်းကြာလာရင် ဝမ်းဗိုက်တွေအောင့်ပြီး ဝမ်းလျှော တာတွေ သံသယရှိပြီဆိုရင် ဆေးရုံဆေးခန်းသွားသင့်တယ်”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။

မှိုအဆိပ်သည် ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားတတ်သဖြင့် မစားသုံးမီ ဘေးပတ်ဝန်းကျင်မှ လူကြီးများထံတွင် စား၍ ရ၊မရကို မေးမြန်းသင့်ကြောင်းလည်း ဒေါက်တာ ဇော်ဇော်အောင်က အကြံပြုသည်။

မှိုအပွင့်၏ အောက်ခြေတွင် အခွက်ပါရှိခြင်း၊ ရိုးတံတွင် ခြေချင်းပါရှိခြင်း၊ မှိုထီးရွက်တွင် အကြေးဖတ်များ ပြန့်ကျဲပါခြင်း၊ ထီးရွက်အောက် ပါးဟက်များဖြူခြင်း၊ မှိုထီးရွက် အရောင်အဆင်းတောက်ပခြင်းနှင့် အစိမ်းရောင် မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း စသည့်လက္ခဏာများရှိသည့် မှိုများမှာ အဆိပ်အတောက်ဖြစ်စေသည့်အတွက် ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်က သတိပေးထုတ်ပြန်ထားသည်။

အဆိုပါမှိုများမှာ အဆိပ်သင့်ပြီး လူကိုသေစေနိုင်သည်အထိ အန္တရာယ်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

#I003