ဆရာမရှိ၍ မင်းပြားမြို့နယ်၊ ရွှေစည်ကုန်း မူလတန်းကျောင်းကို ၅ လကြာအထိ ပိတ်ထားရ

ရွှေစည်ကုန်း မူလတန်းကျောင်းသည် အစိုးရက တရားဝင်ချပေးထားသော စာသင်ကျောင်းဖြစ်သော်လည်း ယခုနှစ်ကျောင်းဖွင့်ရာသီ ဇွန်လမှစ၍ ဆရာ၊ ဆရာမတစ်ဦးမှ ကျောင်းသို့ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း ၎င်းကျေးရွာသားများက ပြောသည်။

By Admin 09 Oct 2023

မင်းပြားမြို့နယ်၊ ရွှေစည်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းစာသင်ကျောင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်။
မင်းပြားမြို့နယ်၊ ရွှေစည်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းစာသင်ကျောင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၉

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အဝကျေးရွာအုပ်စု၊ ရွှေစည်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် စာသင်ကြားမည့် ဆရာ၊ ဆရာမ မရှိ၍ ကျောင်းကိုပိတ်ထားရသည်မှာ ၅ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းသည် အစိုးရက တရားဝင်ချပေးထားသော စာသင်ကျောင်းဖြစ်သော်လည်း ယခုနှစ်ကျောင်းဖွင့်ရာသီ ဇွန်လမှစ၍ ဆရာ၊ ဆရာမတစ်ဦးမှ ကျောင်းသို့ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း ၎င်းကျေးရွာသားများက ပြောသည်။

“အခု ဆရာ/မတွေမရှိလို့ ကလေးတွေ စာမသင်ရတော့ဘူး။ ဒီခေတ်မှာ ပညာတတ်မှ လူရာဝင်တာ။ အဲဒါကြောင့် ရွာမှာ ဆရာမတွေ အမြန်ဆုံးချပေးစေချင်တယ်” ဟု ရွှေစည်ကုန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်သန်းတင်စိန်က ပြောသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းတွင် ယခင်က ကျောင်းအုပ်ဆရာကြီး တစ်ဦးနှင့် ဆရာမတစ်ဦးတို့ တာဝန်ကျခဲ့သည်။ သို့သော် ကျောင်းအုပ်ဆရာကြီးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဆရာမမှာလည်း အပြောင်းအရွှေ့ပါသဖြင့် အခြားနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ရွှေစည်ကုန်းမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ မရှိသဖြင့် ကျောင်းကို ပိတ်ထားရသည်မှာ ၅ လခန့် ကြာမြင့်လာနေပြီဖြစ်ကာ ကျောင်းသားများအတွက် ပညာရေးထိခိုက်နေရသည်ဟု ကျေးရွာသားများက ပြောသည်။

ရွှေစည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေသိန်းက “ကလေးတွေ ပညာမသင်ရဘဲ နေရတာက အရမ်းနစ်နာတယ်။ ပုံမှန်ဆိုရင် ကျောင်းတက်ရတာ နှစ်ထက်ဝက်ကိုရောက်နေပြီ။ အခုက ကျောင်းမတက်ရတော့ ကလေးတွေမှာ စာတွေလည်း အရမ်းနောက်ကျနေပြီ” ဟု ပြောသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀ ကျော်ရှိသည်။ လက်ရှိတွင် ကျေးရွာရှိ စာသင်ကျောင်းကိုပိတ်ထားသဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးမှာ ပတ်ဝန်းကျင်ကျေးရွာများတွင် ကျောင်းတက်ရောက်နေကြသော်လည်း အခြားကျောင်းသားများမှာ ငွေကြေးမတက်နိုင်၍ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေသည်ဟု သိရသည်။

“ကျောင်းရှိပေမဲ့ ဆရာမတွေ မရှိတော့ ကလေးတွေစာမသင်ရဘူး။ တချို့ ပိုက်ဆံတတ်နိုင်သူတွေမှာတော့ နီးစပ်ရာကျောင်းတွေမှာ ထားကြတယ်။ ငွေကြေး မတတ်နိုင်သူတွေမှာတော့ ကျောင်းမထားကြရဘူး” ဟု ရွှေစည်ကုန်းကျေးရွာမှ ဦးတင်မောင်က ပြောသည်။

ရွှေစည်ကုန်းကျေးရွာတွင် ကျောင်းဆရာ၊ ဆရာမ မရှိ၍ စာသင်ကျောင်း ပိတ်ထားရခြင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်၊ ပညာရေးမှူး ဦးစံသိန်းထွန်းကို DMG မှ မေးမြန်းရာတွင် “ကျနော်က အခု ရန်ကုန်ကို သင်တန်းတစ်ခုတက်ဖို့ ရောက်နေတယ်။ ရုံးကို ဆက်သွယ်မှရမယ်။ အဲဒီမှာ ဒု-မြို့နယ်ပညာရေးမှူးတွေ ရှိတယ်။ အဲဒီကိုဆက်သွယ်ပြီး မေးကြည့်ပါ” ဟု ပြောသည်။

မင်းပြားမြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူးနှင့် အဆက်အသွယ်ရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လတ်တလောတွင် အဆင်မပြေသေးပေ။

ရွှေစည်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၁ ဆောင်နှင့် လူဦးရေ ၁၀၀ ခန့်ရှိသည်။ မင်းပြားမြို့မှ မင်းရွာသို့ ကားဖြင့် ၁၀ မိနစ်ခန့်သွားပြီး ယင်းမှတစ်ဆင့် ရွေစည်ကုန်းကျေးရွာသို့ စက်လှေဖြင့် ၈ မိနစ်ခန့်သွားရကြောင်း သိရသည်။

#R005