ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း၏ နောက်ဆက်တွဲပြဿနာများ
ပြည်မဘက်မှတင်သွင်းလာသည့် ကုန်စည်များသည် လမ်းခရီးကြန့်ကြာမှုကြောင့် လမ်းပေါ်မှာပင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်သွားနိုင်သည်ကိုလည်း တွေ့မြင်နေကြရသည်။ လက်ရှိတွင် စက်ဆုံးဆီဈေးနှုန်းများ အနည်းငယ်လျော့ကျလာသော်လည်း ပြည်မဘက်က မှာယူထားသည့် စက်သုံးဆီကားများသည် ရခိုင်သို့ရောက်ရှိရန် ကြန့်ကြာနေသည့်အတွက် ယခင်ဈေးဖြင့် ဝယ်ယူထားသည့် စက်သုံးဆီတင်သွင်းသူများသည် ဈေးနှုန်းလျှော့ချ၍ ရောင်းချနိုင်ပါဦးမည်လော။
08 Jul 2022
DMG ၊ ဇူလိုင်လ
(အယ်ဒီတာ့အာဘော်)
ပြီးခဲ့သည့်လပိုင်းက ဂေါ်ဖီစိုက်ခင်းတစ်ခုကို ဓါးကောက်တစ်ခုဖြင့်ခုတ်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွင်ပျံ့နှံလာခဲ့သည်။ အကြောင်းရင်းကိုစုံစမ်းကြည့်သည့်အခါ ဂေါ်ဖီထုပ်တစ်ထုပ်ကို ငွေကျပ်တစ်ရာပင်မရသောကြောင့် တခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ဖျက်ဆီးရခြင်းဖြစ်သည်ကို စိတ်မကောင်းဖွယ်ရာ ကြားသိရသည်။ အဆိုပါဖြစ်စဉ်သည် ဓနုတိုင်းရင်းသားများနေထိုင်ရာ ရှမ်းပြည်နယ်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါအရပ်ဒေသတွင် ငွေကျပ်တစ်ရာမျှပင် တန်ဖိုးမရှိသည့် ဂေါ်ဖီထုပ်တစ်ထုပ်မှာ ရခိုင်ပြည်ထဲက ဈေးတစ်ခုခုသို့ရောက်လာသည်နှင့် ငွေကျပ်တစ်ထောင်ကျော်ပေးပြီး ဝယ်စားနေကြရသည်။
ရခိုင်ပြည်သည် ပထဝီအနေအထားအရ သီးခြားဆန်နေသည့် နေရာဒေသတစ်ခုပုံစံ ဖြစ်နေသော်လည်း နှစ်ပေါင်း ၂၀၀ ကျော် ထီးနန်းပျောက်ခဲ့ရသည့်အတွက် အုပ်စိုးသူအဆက်ဆက်၏ ခြယ်လှယ်ခြင်းကိုခံခဲ့ရပြီးနောက် ဒေသတွင်း စားသောက်ကုန်ဖူလုံမှုကို မထုတ်လုပ်နိုင်ခဲ့တော့ပေ။
ဥပမာဆိုကြပါစို့၊ ရခိုင်ဒေသသည် ငါးသယံဇာတပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ခဲ့သော်လည်း မဆလအစိုးရသည် ငါးသေတ္တာစက်ရုံကို တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်တွင် တည်ဆောက်ခဲ့သည့် သာဓကရှိခဲ့သည်။
လက်ရှိတွင်လည်း ရခိုင်ဒေသရှိ ပြည်သူများသည် ပြည်မဖက်မှတဆင့် ဝယ်ယူသုံးစွဲနေကြရသည့် ကုန်ပစ္စည်းများအပေါ်တွင် အခကြေးငွေအများကြီးပင် ပေးဆောင်နေကြရသည်။ အထူးသဖြင့် လူတိုင်းနေ့စဉ်စားသုံးနေကြရသည့် အသီးအနှံများတွင် ငွေကုန်ကြေးကို ပို၍သုံးစွဲနေကြရသည်။
ဤသည်မှာ ကုန်သွယ်စရိတ်မြင့်မားမှုနှင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုများကြောင့် စရိတ်စခ မြင့်တက်လာရခြင်းဖြစ်သည်။ ပုံမှန်အနေအထားဖြင့် ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်အရောက် ကုန်စည်ပို့ဆောင်သည့်ကားများသည် သုံးရက်မှ လေးရက်အတွင်းသာရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီကဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ၏တင်းကြပ်မှုကြောင့် ၁၀ ရက်ခန့်အထိ သွားလာနေကြရသည်။
ခရီးဝေးသွားလာနေကြရပြီး စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ကုန်စိမ်းများ ပုပ်သိုးပျက်စီးမှု များပြားလာခြင်းကြောင့် ရခိုင်ဒေသတွင် ကုန်စိမ်းဈေးနှုန်းများ ပိုမိုမြင့်တက်လာရခြင်းဖြစ်သည်။ ကိုဗစ်ရောဂါပြင်းထန်စဉ်ကာလမှာပင် ကုန်စိမ်းကားများကို အထိုက်အလျောက် ဖြေလျှော့မှုများရှိခဲ့သော်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ရခိုင်မြေတွင် စစ်ရေးတင်းမာလာပြီးနောက် ခရီးသည်တင်ကားအပါအဝင် ကုန်တင်ကားအများစုသည်လည်း ညအချိန်တွင် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်မရကြတော့ဘဲ အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေကြရသည်။
ပြည်မဘက်မှတင်သွင်းလာသည့် ကုန်စည်များသည် လမ်းခရီးကြန့်ကြာမှုကြောင့် လမ်းပေါ်မှာပင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်သွားနိုင်သည်ကိုလည်း တွေ့မြင်နေကြရသည်။ လက်ရှိတွင် စက်ဆုံးဆီဈေးနှုန်းများ အနည်းငယ်လျော့ကျလာသော်လည်း ပြည်မဘက်က မှာယူထားသည့် စက်သုံးဆီကားများသည် ရခိုင်သို့ရောက်ရှိရန် ကြန့်ကြာနေသည့်အတွက် ယခင်ဈေးဖြင့် ဝယ်ယူထားသည့် စက်သုံးဆီတင်သွင်းသူများသည် ဈေးနှုန်းလျှော့ချ၍ ရောင်းချနိုင်ပါဦးမည်လော။
ဤကဲ့သို့အခြေအနေများသည် ယခုတစ်ကြိမ်သာ ကြုံတွေ့နေရခြင်းမျိုးမဟုတ်ဘဲ နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရသည့် အခြေအနေတစ်ခုဖြစ်နေသည်။
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းသုံးကြောင်းသာရှိသည်။ ကုန်းလမ်းခရီး၊ ရေလမ်းခရီးနှင့် လေကြောင်းခရီးတို့သာ ရှိသည်။
လေကြောင်းခရီးဖြင့် ကုန်စည်ပို့ဆောင်မည်ဆိုပါက ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး စားသုံးသူများကို အခက်ပိုတွေ့စေလိမ့်မည်။
ရန်ကုန်ကတစ်ဆင့် ရခိုင်သို့ ရေကြောင်းခရီးဖြင့်ပို့ဆောင်ပါကလည်း ၅ ရက်မှ ၇ ရက်ခန့် ကြာမြင့်သည့်အတွက် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်ပစ္စည်းများကို တင်ဆောင်၍ သွားလာရန်မလွယ်ကူပေ။ အသင့်တော်ဆုံးမှာ ရန်ကုန်နှင့်ရခိုင်ကို တစ်ညအိပ်ခရီးသာသွားရသည့် ကုန်းလမ်းခရီးသာရှိသည်။
သို့သော် လက်ရှိတွင် ပိုမိုတင်းကျပ်လာသည့် စစ်ဆေးရေးဂိတ်များကြောင့် ခရီးသည်တင်ကားများနှင့် ကုန်ပစ္စည်းသယ်ယူနေသည့် ကုန်တင်ကားများသည် ညအချိန်တွင် မဖြတ်သန်းရသည့်အတွက် တစ်ရက်ခရီးကို နှစ်ရက်၊သုံးရက်ခန့် သွားလာနေကြရသည်။
ရခိုင်ပြည်ထဲတွင် ဈေးနှုန်းမမြင့်တက်သည့် ကုန်ပစ္စည်းဟူ၍မရှိ။ အခြေခံစားသောက်ကုန်၊ လယ်ယာသုံးသွင်းအားစုများက ဆောက်လုပ်ရေးသုံးပစ္စည်းများပါ ဈေးနှုန်းမြင့်တက်လျှက်ရှိသည်။ အဆိုးရွားဆုံးမှာ အခြေခံစားသောက်ကုန်များ အဆမတန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။ စစ်အာဏာမသိမ်းမီက စားသုံးဆီ (ပဲပုပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ) တစ်လီတာကို ၁၈၀၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာတွင် စားသုံးဆီတစ်လီတာကို ၅၀၀၀ ကျော်အထိ မြင့်တက်သွားသည်။
သို့သော် ရခိုင်ပြည်တစ်ခုတည်းတွင်သာ ကုန်ဈေးနှုန်းမြင့်မားနေခြင်းဟု ဆိုလိုသည်မဟုတ်ပါ။ တစ်နိုင်ငံလုံးကပြည်သူများ ရင်ဆိုင်နေကြရသည်မှာမှန်သော်လည်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်းကြောင့် ရခိုင်ဒေသတွင် ဈေးနှုန်းပိုမိုမြင့်မားနေရခြင်းကို ထောက်ပြရခြင်းသာဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကဆိုလျှင် ကုန်စိမ်းရောင်းချသည့် ဈေးသည်များ၏ ညည်းညူသံများကိုကြားရသည်။ ငရုပ်သီးစိမ်း(ကျောက်စိမ်း၊ ရွှေအပ်) တစ်ပိဿာကို ၆၀၀၀ ကျပ်ပေး၍ ဝယ်ကြရသော်လည်း လိုအပ်သလောက်ဝယ်လို့မရဘဲ ကုန်စည်တိုင်များတွင် ကုန်ပစ္စည်းပြတ်လပ်နေမှုများကြောင့် ခွဲတမ်းစနစ်ဖြင့်သာ ဝယ်ကြရသည်ဟုဆိုသည်။
အထိနာဆုံးမှာ ပန်းကုန်သည်များဖြစ်သည်။ မန္တလေး၊ ပြင်ဦးလွင်တို့ဘက်ကနေ မှာယူရောင်းချနေရသည့် ပန်းများသည် လိုအပ်သည်ထက်ပိုပြီး လမ်းခရီးကြန့်ကြာမှုများကြောင့် ပျက်စီးဆုံးရှုံးမှု များပြားလျက်ရှိနေသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ဈေးနှုန်းပိုမိုမြင့်မားလာသည်နှင့်အမျှ လုပ်ခလစာ(ဝင်ငွေ)နည်းပါးသည့် အခြေခံလူတန်းစားများ၏ ဘဝရပ်တည်ရေးကို ပိုမိုအကျပ်ရိုက်စေသည်။
ရခိုင်ပြည်တွင် ယခင်က လုယက်မှုဟူ၍ ၁ နှစ်နေသည့်တိုင် တစ်ခါမကြားဖူးခဲ့ကြသော်လည်း လက်ရှိတွင် လုယက်မှုများကို မကြာခဏ ကြားလာနေရသည်။ ဤသည်မှာ ဆင်းရဲမွဲတေမှု၏ ထွက်ပေါက်တစ်ခုအဖြစ် ကြံမိကြံရာလုပ်ကြသည်များကြောင့်လည်း ခိုးဆိုးလုယက်မှုများ ထူပြောလာရခြင်းဖြစ်သည်။
တစ်နွယ်ငင် တစ်စင်ပါဆိုသကဲ့သို့ နောက်ဆက်တွဲပြဿနာများသည် ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာမည်ကို ရခိုင်ပြည်၏ တာဝန်ရှိသူများအနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါလိမ့်မည်။
ထို့အတူ ကုန်သွယ်ကူးသန်းရေးလုပ်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်မဘက်က ကုန်ပစ္စည်းများကိုသာအားမကိုးဘဲ ရခိုင်ပြည်တွင်း အခြေခံစားသောက်ကုန်များ ဖူလုံမှုရှိရန် ဒေသတွင်းထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် DMG က အလေးအနက်တိုက်တွန်းအပ်ပါသည်။