ကျောက်နီမော်က ကုန်တင်စက်လှေ ၄ စီးနှင့် ဒေသခံ ၂၄ ဦး စစ်ကောင်စီ ဖမ်းဆီးထား

ဖမ်းဆီးထားသူများကို ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး စက်လှေပါ စားသောက်ကုန်များကို စစ်ကောင်စီက မာန်အောင်မြို့တွင် လေလံတင် ရောင်းချနေကြောင်း သိရသည်။

By Admin 10 Jul 2024

ကျောက်နီမော်ကျေးရွာ လှေဆိပ်တစ်နေရာ။ 
ကျောက်နီမော်ကျေးရွာ လှေဆိပ်တစ်နေရာ။ 

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ ကုန်တင်စက်လှေ ၄ စီးနှင့်အတူ စက်လှေပိုင်ရှင်၊ အလုပ်သမား စသည့် ဒေသခံ ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

၎င်းတို့မှာ စားသောက်ကုန်များနှင့်အတူ ဧရာဝတီတိုင်းမှပြန်လာစဉ် ဇွန်လ ၂၅ ရက်တွင် မာန်အောင်မြို့နယ်အနီးရှိ စစ်သင်္ဘောတစ်စီးက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသူများကို ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး စက်လှေပါ စားသောက်ကုန်များကို စစ်ကောင်စီက မာန်အောင်မြို့တွင် လေလံတင် ရောင်းချနေကြောင်း သိရသည်။

“လူတွေကိုတော့ အခု ကျောက်ဖြူထောင်ကိုပို့ထားတယ်။ စက်လှေ ၄ စီးကိုတော့ မာန်အောင်မှာပဲ ဖမ်းထားသလို အဲဒီစက်လှေမှာပါတဲ့ ကုန်ပစ္စည်းတွေကိုလည်း မာန်အောင်က ကုန်သည်တွေဆီကို စစ်တပ်က လေလံတင်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်” ဟု ကျောက်နီမော်ကျေးရွာမှ ကုန်သည်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများကို DMG က အတည်ပြုနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေသည်။ 

စားသောက်ကုန်များ တင်ဆောင်လာသည့် စက်လှေ ၄ စီး ဖမ်းဆီးခံရမှုကြောင့် ဒေသခံများမှာ ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး အခြေခံလူတန်းစားများမှာ ပို၍ အခက်အခဲရှိနေကြသည်။

ကျောက်နီမော်ကျေးရွာသားတစ်ဦးက “စက်လှေတွေအဖမ်းခံရတာက စက်လှေပိုင်ရှင်နဲ့ ကုန်ပစ္စည်းပိုင်ရှင်တွေ အတွက်သာမက ဒေသခံတွေအတွက်လည်း အရမ်းနစ်နာပါတယ်။ အခုဆို နောက်ထပ်ဘယ်သူမှ ကုန်တင်ဖို့ မသွားရဲတော့တာကြောင့် အခုဆို ရိက္ခာပြတ်လပ်မှုကိုပါ ဒီကလူတွေ ရင်ဆိုင်နေရပြီ” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ နိုဝင်ဘာလမှစတင်ပြီး ကုန်းလမ်းနှင့် ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများကို ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ရမ်းဗြဲအပါအဝင် ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်နှင့် သံတွဲမြို့နယ်မှ ဒေသခံများမှာ ဧရာဝတီတိုင်းဘက်မှ ကုန်ပစ္စည်းများကို စက်လှေဖြင့် အရဲစွန့်သယ်ယူနေရပြီး စစ်ကောင်စီကလည်း မကြာခဏ ဖမ်းဆီးနေသည်။

“တချို့ကုန်သည်တွေကတော့ စစ်ကောင်စီကို ငွေပေးပြီး သွားကြတာရှိတယ်။ ဒါပေမဲ့ အဖမ်းခံရတာတွေလည်း ရှိတယ်။ ဒီလအတွင်းမှာတင် ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ မာန်အောင်က အဖမ်းခံရတဲ့စက်လှေ ဆယ်စီးမကရှိမယ်။ ဒီမှာကတော့ အဖမ်းခံရတဲ့ စက်လှေပေါ်က ကုန်ပစ္စည်းတွေကို ပြန်ပြီး လေလံတင်ရောင်းချတာမျိုးလည်း မကြာခဏကြားရတယ်” ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရပ်သားများကို အစာရေစာဖြတ်တောက်သည့် လုပ်ရပ်နှင့် အရပ်သားလူထု အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သည့်အရာများကို တိုက်ခိုက် တားဆီးခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ 

သို့သော်လည်း ရခိုင်တွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် ပြည်မဘက်မှ ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ထားသည့်အပြင် ပြည်သူများနေထိုင်ရာသို့ ဦးတည်၍ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ကျူးလွန်လျက်ရှိသည်။

ဗီဒီယိုများ