ရွှေ့ပြောင်းလုပ်သား အရေးနဲ့ လူကုန်ကူးမှု အန္တရာယ်
ပြည်ပ ရွှေ့ပြောင်းလုပ်ကိုင်သူတွေဟာ တရားဝင်နဲ့ တရားမဝင် လမ်းနှစ်သွယ်က သွားလာကြရာမှာ တရားမဝင် သွားလာသူတွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ထားတာကို ခံနေကြရပါတယ်။
16 Aug 2023
ယနေ့ခေတ်မှာ နေရပ်ကိုစွန့်ခွာပြီး အလုပ်အကိုင်သစ်တွေ ရှာဖွေတာဟာ ခေတ်စားလာနေပါတယ်။ ကျေးလက်နဲ့ မြို့ပြက လူငယ်လူရွယ် အမျိုးသားတွေ သာမက အမျိုးသမီးတွေကလည်း ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။
ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၄ ယောက်မှာ ၁ ယောက်နှုန်းဟာ ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM က ၂၀၂၁ ခုနှစ်မှာ ထုတ်ဖော် ပြောကြားထားပါတယ်။
ရွှေ့ပြောင်းလုပ်ကိုင်သူ များလာတာကြောင့် ကျေးလက်ဒေသက သာရေး၊ နာရေးကိစ္စတွေမှာ ပါဝင်လုပ်ကိုင်မယ့်သူ မရှိသလောက် ရှားလာပါတယ်။
ပြည်ပ ရွှေ့ပြောင်းလုပ်ကိုင်သူတွေဟာ တရားဝင်နဲ့ တရားမဝင် လမ်းနှစ်သွယ်က သွားလာကြရာမှာ တရားမဝင် သွားလာသူတွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ထားတာကို ခံနေကြရပါတယ်။
ရခိုင်ပြည်က အသက် ၂၂ - ၂၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးငယ် ၄ ဦးဟာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေဖြစ်တဲ့ ယူအေအီး(အာရတ်စော်ဘွားများနိုင်ငံ)နဲ့ အီရတ်နိုင်ငံကို ပွဲစားတွေကနေတဆင့် လူကုန်ကူး ခံခဲ့ရပါတယ်။
အဲဒီအမျိုးသမီး ၄ ဦးရဲ့ ခရီးစရိတ်တွေကို ပွဲစားတွေက ကျခံပေးပြီး လုပ်ခလစာရမှ ပြန်ဆပ်ရမယ်ဆိုပြီးတော့ လိမ်လှည်လှည့်ဖြားကာ ပြည်ပနိုင်ငံတွေမှာ ရောင်းစားလိုက်ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ သူတို့ ၄ ဦး နေရပ်ကို ပြန်လာနိုင်ရေးအတွက် အကူအညီရရှိဖို့ မျှော်နေကြဆဲ ဖြစ်ပါတယ်။
ရခိုင်က ရွှေ့ပြောင်းလုပ်ကိုင်ပြီး လူကုန်ကူးခံရမှုကြောင့် ၂၀၂၃ နှစ်အတွင်း ရခိုင်အမျိုးသားကွန်ရက်ထံ တိုင်ကြားလာတဲ့ အမှု ၅ ခုရှိပြီး အိုမန်၊ ယူအေအီး၊ ထိုင်း နိုင်ငံတွေဆီ လူကုန်ကူးခံရတာဖြစ်ပါတယ်။ လက်ရှိမှာ အီရတ်နိုင်ငံသို့ လူကုန်ကူးခံထားရတဲ့ ရခိုင်အမျိုးသမီး ဦးရေ ၈၀ ကျော်ရှိတယ်လို့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ စာရင်းကဆိုပါတယ်။
နိုင်ငံအသီးသီးမှာ လူကုန်ကူးမှုကို တားမြစ်ထားပေမယ့် အကျိုးအမြတ်များတဲ့ လုပ်ငန်းတစ်ခုအဖြစ် ယနေ့ထိတိုင် လူတွေကို ကုန်ကူးနေကြဆဲဖြစ်ပါတယ်။ လူကုန်ကူးမှု အများစုမှာ အုပ်စုလိုက် ကွန်ရက်နဲ့ လုပ်ဆောင်ကြပြီး လူစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ - ၂၄ အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားရှိပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုကို ပြည်တွင်းမှာ ကျူးလွန်တာပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာ ကျူးလွန်တာပဲဖြစ်ဖြစ် မြန်မာပြည်က တရားရုံးမှာ စီရင်ခွင့်ရှိတယ်လို့လည်း ဥပဒေပြဌာန်းထားတာပါ။
ဒါပေမယ့် ဥပဒေကို လက်တစ်လုံးခြားလှည့်စားနိုင်တဲ့ အာဏာပိုင်တချို့နဲ့ တရားမဝင် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကြောင့် နိုင်ငံအတွင်းက ငယ်ရွယ်နုပျိုတဲ့ဘဝတွေဟာ တိုင်းတပါးမှာ မဆိုစလောက်ငွေကြေးတွေနဲ့ ပေးဆပ်နေကြရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်နိုင်တဲ့ အမှုအရေအတွက်ဟာ အလွန်ပဲ နည်းပါးလို့ နေပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးတည်ငြိမ်တဲ့ ကာလတွေမှာတောင် ပြည်ပရောက် နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ လုံခြုံမှုတွေကို မကာကွယ် မစောင့်ရှောက်ပေးခဲ့နိုင်ခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီး တိုင်းပြည် မတည်ငြိမ်တဲ့အချိန်မှာ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူတွေက အခွင့်ထူးတွေကို ခံစားနေကြရတာပါ။ ဆင်းရဲမွဲတေမှုဒဏ်ကို အလှူးအလိမ့် ခံစားနေကြရသူတွေကတော့ မြန်မာပြည်ဆိုတဲ့ ငရဲတွင်းက လွတ်မြောက်ဖို့ကိုသာ အာရုံစိုက်နေကြတဲ့အတွက် လူကုန်ကူးမှု သံသရာကတော့ ဆက်လက် လည်ပတ်နေဦးမှာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် အရွယ်ကောင်းတဲ့ အမျိုးသမီးငယ်တွေဟာ ပြည်ပနိုင်ငံတွေမှာ အိမ်အကူအလုပ်သမား၊ အမြှောင်မယားဘဝနဲ့ ရှင်သန်နေကြရပြီး နေထိုင်၊ စားသောက်ရေးကအစ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာဆိုရင် တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမိပါကလည်း မြန်မာနိုင်ငံ အစိုးရကို တိုက်ရိုက်လွှဲပြောင်းပေးတာ မဟုတ်ဘဲ နယ်စပ်ဒေသတွေမှာရှိတဲ့ ဂိုဏ်းစတား အဖွဲ့အစည်းတွေဆီကိုသာ လွှဲပြောင်းပေးကြတာကြောင့် အခကြေးငွေပေးပြီး ပြန်လည်ရွေးယူ ကြရပါသေးတယ်။ သတ်မှတ်ထားတဲ့ အချိန်အတောအတွင်း မရွေးနိုင်ပါက နှိပ်စက်ညှဉ်းပမ်းမှု မျိုးစုံကို ကျင့်သုံးတတ်ကြပြီး တစ်ခါတစ်လေမှာ အသက်သေဆုံးတဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။
နိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်ကိုင်သူ မြင့်တက်လာတာကို အခွင့်ကောင်းယူပြီး အတင့်ရဲလာကြတဲ့ လူကုန်ကူးကြသူတွေရဲ့ အန္တရာယ်ကနေ ရွှေ့ပြောင်းလုပ်ကိုင်သူတွေ လွတ်မြောက်နိုင်ဖို့၊ လူကုန်ကူးမှုတွေကို အချိန်မီတားဆီးနိုင်မယ့်အရေး ဘက်ပေါင်းစုံကနေ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။