ရှားပါးတိရစ္ဆာန် မွေးမြူခွင့်ပြုမှုအပေါ် မြန်မာအစိုးရ ဝေဖန်ခံနေရ

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုလုပ်ငန်းကို ထိန်းချုပ်နိုင်သည့်စွမ်းရည် မရှိခြင်းကြောင့် တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေနှင့် ထိုမှတစ်ဆင့် “နောက်ထပ် ကိုဗစ်-၁၉” ကဲ့သို့ ရောဂါများ ဖြစ်ပွားလာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။

By မေမိုး 20 Jul 2020

ပုံံစာ တရုတ်ဇီဝမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးနှင့် အစိမ်းရောင်ဖွံံ့ဖြိုးမှု ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးမှ သင်းခွေချပ် တစ်ကောင်အား တောထဲသို့ ပြန်မလွှတ်မီ ပိုက်ချီထားသည်ကို ကျဲကျီယန်ပြည်နယ်ရှိ ကျင်းဟွာတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာတွင် ပြီးခဲ့သည့်လအတွင်း တွေ့ရစဉ်။ သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် ကုန်ကူး ခံရမှုအများဆုံးတွင် ပါဝင်သည်။ (ဓာတ်ပုံ - AP)

မေမိုး ဘာသာပြန်ဆိုသည်

ကျားများ၊ သင်းခွေချပ်များနှင့် အခြားသောမျိုးသုဉ်းပျောက်ကွယ်တော့မည့် မျိုးစိတ်များကို မြန်မာနိုင်ငံတွင် စီးပွားဖြစ်မွေးမြူခွင့်ပြုရန် ပြင်ဆင်လိုက်သည့် ဥပဒေကြောင့် တရုတ်ရှိ ရှားပါးတောရိုင်းတိရစ္ဆာန်ဖြင့် ပြုလုပ်သည့် ထုတ်ကုန်များ ဝယ်လိုအား တစ်ရှိန်ထိုးမြင့်တက်လာမည့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု၏ ဆုံချက်နေရာဖြစ်နေပြီး အိမ်နီးချင်းတရုတ်နိုင်ငံမှ ဈေးကွက်လိုအပ်ချက်ကြောင့် ရောင်းပန်းလှလာသည့် လုပ်ငန်းတစ်ခုဖြစ်လာနေသည်။ ကမ္ဘာတစ်ဝန်း တရားမဝင်ကုန်သွယ်မှုလုပ်ငန်း၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရှိသည်ဟု ခန့်မှန်း ရသည်။

ဇွန်လအတွင်း သစ်တောဦးစီးဌာနက ပုဂ္ဂလိကတိရစ္ဆာန်ရုံများကို မျိုးစိတ် ၉၀ မွေးမြူခွင့်လိုင်စင် လျှောက်ထားရန် တိုးတိုးတိတ်တိတ်ခွင့်ပြုခဲ့ပြီး ထိုမျိုးစိတ်များထဲတွင် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သို့မဟုတ် မျိုးသုဉ်းမည့် အန္တရာယ်ကြုံနေရသည့် မျိုးစိတ်ပေါင်း ၂၀ ကျော်အထိ ပါဝင်နေသည်။

အဆိုပါလုပ်ရပ်ကို မထင်မှတ်ထားဘဲ လုပ်ဆောင်လိုက်ခြင်းဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ ကို အံ့အားသင့်စေခဲ့သည်။ သစ်တောဦးစီးဌာနကမူ ယင်းကဲ့သို့ခွင့်ပြုလိုက်ခြင်းသည် တောရိုင်းမျိုးစိတ်များကို တရားမဝင် ဖမ်းဆီးမွေးမြူခြင်းကို လျှော့ချနိုင်ရန် ကူညီနိုင်မည့်နည်းလမ်းဖြစ်ကြောင်း ဆိုသည်။

ကျားများ (မြန်မာနိုင်ငံတွင် ၂၂ ကောင်ခန့်သာ ရှိတော့သည်) ၊ သင်းခွေချပ်များ၊ ဆင်များနှင့် အခြားသောငှက်မျိုး စိတ်များအလားတူ မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေရသည့် ဧရာဝတီလင်းပိုင်များနှင့် အရှေ့တောင်အာရှတွင် ကျက်စားသောမိကျောင်းများအားလည်း ၎င်းတို့၏အသားနှင့်အရေတို့ကို ရရှိရန်အတွက် ယခုအခါ မွေးမြူနိုင်ကြပြီဖြစ်သည်။

သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ထိုသို့စီးပွားဖြစ် မွေးခွင့်ပြုခြင်းသည် မျိုးသုဉ်းမှု အန္တရာယ်ရှိနေသည့် မျိုးစိတ်များရောင်းဝယ်ခွင့်ကို ရေရှည်တွင် တရားဝင်အသိမှတ်ပြုရာရောက်ပြီး  ဈေးကွက် ဝယ်လိုအား မြင့်တက်ရန် အားပေးရာရောက်နေကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုလုပ်ငန်းကို ထိန်းချုပ်နိုင်သည့်စွမ်းရည် မရှိခြင်းကြောင့် တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေနှင့် ထိုမှတစ်ဆင့် “နောက်ထပ် ကိုဗစ်-၁၉” ကဲ့သို့ ရောဂါများ ဖြစ်ပွားလာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။

ကမ္ဘာ့တောရိုင်းကြောင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဂျွန်ဂွတ်ရ်ရှစ်က မွေးမြူရေးလုပ်ငန်းသည် “တောရိုင်း တိရစ္ဆာန်ဆန်းများ မလိမ့်တပတ်မွေးမြူရေးအတွက် နည်းလမ်းတစ်သွယ်” ဖြစ်နိုင်ခြင်းကြောင့်လည်း တောရိုင်း တိရစ္ဆာန်ရောင်းဝယ်သည့်လုပ်ငန်းကို ကိုင်တွယ်ရာတွင် အခက်အခဲများရှိနိုင်ကြောင်း သတိပေးထားသည်။

မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး သဘောတူညီချက်အရ အချို့သောမျိုးစိတ်များအား အကန့်အသတ်ဖြင့် ဖမ်းဆီးမွေးမြူရန် ခွင့်ပြုထားသော်လည်း တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ခွင့်ပြုထားသည်။

သို့သော် မြန်မာနိုင်ငံ၏ တောရိုင်းရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းအပေါ် ထိန်းသိမ်းကြပ်မတ်နိုင်မှု စွမ်းရည်မှာ အငြင်းပွားဖွယ်ဖြစ်နေပြီး ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင် ဖြစ်ပွားခဲ့သကဲ့သို့ တောရိုင်း တိရစ္ဆာန်အများအပြား ပျောက်ကွယ်သွားမည့် အန္တရာယ်ကြုံတွေ့နိုင်မှုအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များက ပူပန်လျက်ရှိကြသည်။

သစ်တောဦးစီးဌာနကမူ အဆိုပါစာရင်းအသစ်ကို “ဥပဒေကိုအပြည့်အဝလိုက်နာ” ရေးဆွဲထားကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်း ပြီးမှသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက အစိုးရစည်းမျဉ်းပြောင်းလဲလိုက်ခြင်းသည် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုများ အဆုံးသတ်ရန် လွန်ခဲ့သည့်နှစ်များက ကြိုးပမ်းခဲ့သော တိုးတက်မှုအားလုံး ထိခိုက်သွားနိုင်မည့်အန္တရာယ်ကို စိုးရိမ်လျက်ရှိကြသည်။


မေမိုး
(AFP သတင်းဆောင်းပါး Farming of rare animals in Myanmar decried ကို ထုတ်နုတ်ပြန်ဆိုပါသည်။)