‘Quad’ လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သြစတြေးလျတွင် တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံသို့ လာရောက်နိုင်ခြေ ရှိပြီး ‘Quad’ လေးနိုင်ငံ အဖွဲ့ဝင်များဖြစ်သည့် ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံကာ အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

31 Jan 2022

 သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရစ်ပိန်း။ ဓာတ်ပုံ - Reuters

DMG ၊ ဇန်နဝါရီ ၃၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံသို့ လာရောက်နိုင်ခြေ ရှိပြီး ‘Quad’ လေးနိုင်ငံ အဖွဲ့ဝင်များဖြစ်သည့် ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံကာ အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နှစ်ရက်ကြာပြုလုပ်မည့် လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲတွင် ရုရှားနှင့် အမေရိကန်အကြား ယူကရိန်းအရေးနှင့်ပတ်သက်၍ တင်းမာမှုများ ရှိနေဆဲ၌ သမ္မတဘိုင်ဒန်အစိုးရအဖွဲ့က စိုးရိမ်နေသည့် တရုတ်အရေးကို ဆွေးနွေးကြမည်ဖြစ်သည်။
တရုတ်ကမူ QUAD အဖွဲ့ကို စစ်အေးတိုက်ပွဲပုံစံ အုပ်စုဖွဲ့ခြယ်လှယ်မှုအဖြစ် ယခင်တည်းက ရှုတ်ချထားသည်။

တွေ့ဆုံမည့်ရက်ကို အသေးစိတ်မသိရပေ။ သို့သော်လည်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရစ်ပိန်းက Quad နိုင်ငံခြားရေးဝန်ကြီးများအား လာမည့်သီတင်းပတ်များအတွင်း လက်ခံတွေ့ဆုံရန် မျှော်လင့်လျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ လစ်ဘရယ်အခင်းအကျင်းကို ခြိမ်းခြောက်နေသလို မရေရာမှုများ မြင့်တက်လာစေသည့် မဟာဗျူဟာပြိုင်ဆိုင်မှုများကြားက ဒေသတွင်း၌ သြစတြေးလျ၏ မဟာမိတ်များနှင့် ပူးပေါင်းမှုကို ဝန်ကြီးချုပ်စကော့မောရစ်ဆင် အစိုးရအဖွဲ့သည် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိသည်ဟုလည်း မာရစ်ပိန်းက ပြောကြားသည်။

နိုင်ငံတကာ၌ ကပ်ဘေးကာကွယ်ရေး ကန့်သတ်ချက်များ ရှိနေသဖြင့် Quad အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်သာ ကျင်းပနိုင်ခြေရှိကြောင်း ဂျပန်သတင်းဌာနက အစောပိုင်းတွင် ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာဉာဏ်ဂျိုက်ရှန်ကာသည်လည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း တွစ်တာပေါ်၌ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရေးသားထားသည်။

Quad အဖွဲ့သည် ရှေ့ပိုင်းတွင် ဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ချိမှုကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှုကွင်းဆက်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသလို လေးနိုင်ငံ ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလည်း ဆောင်ရွက်ထားသည်။