အာဖဂန်အခက် တရုတ်အချက်

ဆီးရီးယားစစ်ပွဲအတွင်း ETIM ၏ လက်အောက်ခံ အစိတ်အပိုင်း အများစုသည် TIP အဖြစ် ဆီးရီးယား-တူရကီ နယ်စပ်သို့ ပြောင်းရွှေ့ခဲ့သည်။ TIP သည် အခြားသော တူရကီ ကျောထောက်နောက်ခံပြုသည့် ဂျီဟတ် အဖွဲ့များနှင့် ပူးပေါင်းထားသည့် တပ်ဖွဲ့များရှိရာ ဆီးရီးယားရှိ Idib တွင် အခြေစိုက်သည်။ TIP ခေါင်းဆောင်သည် အယ်ကေဒါ Shura ကောင်စီဝင်တစ်ဦးဖြစ်သည့် Abdul Haq al-Turkistani ဖြစ်သည်။

By မေမိုး 15 Aug 2021

ပုံ - Getty Images

DMG ၊ ဩဂုတ် ၁၅
မေမိုး ဘာသာပြန်ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင်လ ၂၈ ရက်နေ့က တီယန်ကျင်းမြို့တွင် အာဖဂနစ္စတန် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှာ တာလီဘန်အဖွဲ့ကို ပူးတွဲတည်ထောင်သူ ဖြစ်သလို တာလီဘန် နိုင်ငံရေးကော်မရှင်၏ အကြီးအကဲလည်းဖြစ်သူ မူလာ အဗ္ဗဒူ ဂါနီဘာရာဒါ (Mullah Abdul Ghani Baradar) ဖြစ်သည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာသည့်အချိန်တွင် နယ်မြေပိုင်ဆိုင်မှု သိသိသာသာပင် အသာစီးရရှိလာခဲ့သည်။ အာဖဂန်တွင် တည်ငြိမ်ပြီး အနောက်ကိုထောက်ခံသည့် အစိုးရတည်ထောင်ရန် မဖြစ်နိုင်သဖြင့် ယင်းနှင့် ပတ်သက်သည့် အမေရိကန်၏ မူဝါဒ မအောင်မြင်ခဲ့ကြောင်း အစည်းအဝေးတွင် ဝမ်ယိက မူလာ အဗ္ဗဒူ ဂါနီဘာရာဒါ ကို ပြောကြားခဲ့သည်။

အမှန်စင်စစ်တွင်မူ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန် (Imran Khan) သည်လည်း ဇူလိုင်လ ၂၇ ရက်နေ့က အမေရိကန် အစိုးရပိုင် အသံလွှင့်ဌာနနှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန်သည် အာဖဂန်ကို “အမှန်ပင် ဗြောင်းဆန်အောင်လုပ်ခဲ့သည်” ဟု ပြောကာ ထိုအချက်ကိုပင် အဓိကထား ဖြေကြားသွားခဲ့သည်။

ကဘူးရှိ သမ္မတ အာရှရက်ဖ်ဂါနီ (Ashraf Ghani) ၏အာဖဂန်အစိုးရသည် လာမည့်နွေရာသီတွင် မြို့တော် သို့ စစ်ချီလာနိုင်တော့မည်ဖြစ်သည့် တာလီဘန်နှင့် စစ်တိုက်ရတော့မည့်အရေးကို မလွှဲသာဘဲ ရင်ဆိုင်နေရဆဲဖြစ်သည်။

တာလီဘန်နှင့်တရုတ်တို့၏ ဆွေးနွေးပွဲများသည် လက်တွေ့ကျကျ ပေါ်ထွက်လာခြင်း ဖြစ်သည်။ တရုတ်နှင့် အာဖဂန်နစ္စတန်သည် ရ၆ ကီလိုမီတာခန့်သာရှည်သည့် ဖြတ်သန်းသွားလာခွင့် မရှိသည့် နယ်စပ်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း နှစ်နိုင်ငံလုံး၏ ဖြတ်သန်းသွားလာနိုင်သည့် နေရာသည် ကဘူးသို့ တာလီဘန်များ ပြန်လာကာ အာရှအလယ်ရှိ အစွန်းရောက်ဝါဒ နောက်တစ်ကြိမ် ပေါ်ထွက်လာမည်ကို ကာလရှည်စိုးရိမ်နေရသည့် တာဂျစ်ကစ္စတန်တွင် ဖြစ်သည်။

တာဂျစ်ကစ္စတန်တွင် အစိုးရနှင့် ယခုအခါ တားမြစ်ပိတ်ပင်ခံရသည့် Islamic Renaissance Party အကြား ၁၉၉၂ မှ ၁၉၉၇ အတွင်း ဆိုးဝါးလှသည့်ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားခဲ့ရပြီး တာလီဘန်ကို ထောက်ခံသည့် အစ္စလာမ်ဝါဒ ကြီးထွားလာမှုအပေါ် တင်းမာမှုများမှာ နိုင်ငံတွင်း ကျန်ရှိနေဆဲဖြစ်သည်။

တာဂျစ်ကစ္စတန် သမ္မတ Emomali Rahmon သည် အာဖဂန်ဒုက္ခသည်များ ပြန့်ပွားလာပါက ကူညီပေးပါရန် ရှရှားနှင့် တရုတ်ကို တောင်းဆိုခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO နှင့် အာဖဂန် ညှိနှိုင်းရေး အဖွဲ့တို့သည် တာဂျစ်ကစ္စတန်၏ မြို့တော် Dushanbe တွင် ဇွန်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့သည်။ အာဖဂန်သည် ၂၀၁၅ ခုနှစ်ကတည်းက SCO သို့ဝင်ခွင့်ပြုရန် လျှောက်ထား ခဲ့သော်လည်း အဖွဲ့ဝင် မဖြစ်သေးပေ။

ထိုအစည်းအဝေးမတိုင်ခင် တစ်ရက်တွင် ဝမ်ယိသည် ယိုယွင်းပျက်စီးလာသည့် အခြေအနေကို ဆွေးနွေးရန်နှင့် “လုံခြုံရေးဆိုင်ရာ ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန်” အတွက် Dushanbe ရှိ သမ္မတ Rahmon ထံ အလည်အပတ်ရောက်ရှိခဲ့သည်။ တာဂျစ်ကစ္စတန်နိုင်သည့် အစွန်းရောက်ဝါဒအတွက် အခြေစိုက်တစ်ခုသဖွယ် ဖြစ်လာခြင်းမှ တားဆီးရန် Rahmon ၏ တောင်းဆိုချက်သည် အစီအစဉ်တွင် ပါဝင်သည့် အဓိကအကြောင်းအရာ ဖြစ်သည်။

ETIM အန္တရာယ်

တာလီဘန်များအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို အားလျော့စေရန်ရည်ရွယ်သည့် မည်သည့် အစွန်းရောက်အဖွဲ့ကိုမျှ အာဖဂန်နယ်မြေတစ်ခုကို အသုံးချခွင့်ပေးမည်မဟုတ်ကြောင်း မူလာဘာရာဒါ က ဝမ်ယိကို တီယန်ကျင်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းတို့အမှန်တကယ် စိုးရိမ်နေသည့်အဖွဲ့သည် အရှေ့ တာကတ်စတန် အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ (ETIM)  တစ်နည်းအားဖြင့် Uighur ဘာသာဖြင့် Türkistan Íslam Partiyisi (TIP)ဟု လူသိများသည့် အဖွဲ့ဖြစ် သည်။ ETIM သည် လွန်ခဲ့သည့်နှစ်သုံးဆယ်က ပေါ်ထွက်လာသည့်အဖွဲ့ ဖြစ်ပြီး ထိုအချိန်ကတည်းက တရုတ်ရှိ Xinjiang Uighur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ETIM အဖွဲ့သည့် အယ်ကေဒါ သြဇာခံ အရှေ့အာရှဒေသတွင် ပေါ်ပေါက်လာသည့် ဒါဇင်ပေါင်း များစွာသော အကြမ်းဖက်အဖွဲ့များ အနက် တစ်ဖွဲ့ ဖြစ်သည်။

ETIM သည် အမေရိကန်အစိုးရ ပြုစုထုတ်ပြန်ထားသည့် အကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင် ၂၀၀၂ ခုနှစ် ကတည်းက အထင်အရှားပါဝင်ခဲ့သည်။ “ETIM ကို အယ်ကေဒါက ငွေကြေး အထောက်အပံ့ပေးကာ သင်တန်းများလည်းပေး” ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏  မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ သို့စေကာမူ အမေရိကန်အစိုးရသည် ပြီးခဲ့သည့်ဆောင်းဦးရာသီ တွင် ETIM ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ဖယ်ရှားခဲ့သည်။ ယင်း၏လက်အောက်ခံအဖွဲ့ဖြစ်သည့် TIP သို့မဟုတ် ဆီးရီးယားအကြောင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ ETIM ကို အကြမ်းဖက်စာရင်းတွင် ထားရှိဆဲဖြစ်သည်။

ဆီးရီးယားစစ်ပွဲအတွင်း ETIM ၏ လက်အောက်ခံ အစိတ်အပိုင်း အများစုသည် TIP အဖြစ် ဆီးရီးယား-တူရကီ နယ်စပ်သို့ ပြောင်းရွှေ့ခဲ့သည်။ TIP သည် အခြားသော တူရကီ ကျောထောက်နောက်ခံပြုသည့် ဂျီဟတ် အဖွဲ့များနှင့် ပူးပေါင်းထားသည့် တပ်ဖွဲ့များရှိရာ ဆီးရီးယားရှိ Idib တွင် အခြေစိုက်သည်။ TIP ခေါင်းဆောင်သည် အယ်ကေဒါ Shura ကောင်စီဝင်တစ်ဦးဖြစ်သည့် Abdul Haq al-Turkistani ဖြစ်သည်။

တရုတ်အနောက်ပိုင်း ပြည်နယ်များ အထူးသဖြင့် Xinjiang Uighur အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခြိမ်းခြောက်နေသည့် ETIM အန္တရာယ်ကို ဘာရာဒါနှင့် ဝမ်ယိတို့၏ တွေ့ဆုံပွဲတွင် အဓိကဆွေးနွေးခဲ့သည်။

ရှင်ကျန်းနှင့် တရုတ်ပြည်နယ်များကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ETIM က ထုတ်ဖော် ပြောဆိုထားသည်။ ကဘူးတွင် တာလီဘန်ပြန်လည်အာဏာရနိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်အစိုးရ၏ တင်းမာမှု တစ်ချို့သည် Baradar ၏ ကတိစကားကြောင့် သက်သာရာရခဲ့သည်။

ပြီးခဲ့သည့်နှစ်မေလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကော်မတီတစ်ခုတွင် ETIM သည် အာဖဂန်ပြည်နယ် သုံးခုဖြစ်သည့် Badakhshan၊ Kunduz နှင့် Takhar တို့တွင် လှုပ်ရှားပြီး ထိုပြည်နယ်များသည် တရုတ်နှင့် အာဖဂန်ကို ချိတ်ဆက်ထားသည့် နေရာအနီးတွင်ရှိသည်။

အာဖဂန်အတွင်းတွင် လေ့ကျင့်ထားသည့် ETIM အသေခံတိုက်ခိုက်ရေးသမား ၅၀၀ ခန့်ရှိနေသည်။ ETIM သည် ဥဇဘတ်ကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့၊ အစ္စလာမ်မစ် ဂျီဟတ်လှုပ်ရှားမှု အဖွဲ့နှင့် Tehrik-e-Taliban Pakistan တို့ကဲ့သို့သော အာရှအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ အယ်ကေဒါ မိတ်ဖက်အဖွဲ့ အများအပြားနှင့် အနီးကပ် အချိတ်အဆက်များရှိသည်။

ဇူလိုင်လအတွင်းက ပါကစ္စတန်ရှိ Khyber Pakhtunkhwa ဒေသရှိ Kohistan အထက်ပိုင်းရှိ Dasu ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားသည့် အများသုံးဘတ်စ်တစ်စီးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုတွင် တရုတ်အင်ဂျင်နီယာကိုးဦး အပါအဝင် စုစုပေါင်း ခရီးသည် ဆယ့်နှစ်ဦး သေဆုံးခဲ့သည်။

ပေါက်ကွဲမှုအပြီး ဆယ်ရက်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi သည် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိခဲ့သည်။ အကြမ်းဖက်မှု များကြောင့် ပါကစ္စတန်နှင့်တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း Qureshi က ပြော ကြားခဲ့သည်။

မည်သည့်အဖွဲ့ကမှ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခြင်းမရှိခဲ့ပေ။ ထိုတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း မည်သည့်ရှင်းလင်းချက်မျှ မထွက်ခဲ့ပေ။ Tehrik-e-Taliban Pakistan နှင့် ETIM တို့ ပူးပေါင်း လုပ်ကြံခြင်း ဖြစ်ကြောင်း Islamabad ရှိ သတင်းရရှိသည့်ရင်းမြစ်များက ဆိုသည်။

ရပ်ဝန်းနှင့်လမ်းစီမံကိန်းနှင့် “အကျိုးအမြတ်ကြီးသည့် ကစားပွဲ”

Tehrik-e-Taliban Pakistan နှင့် ETIM တို့သည် အာရှအလယ်ပိုင်းနှင့် တောင်အာရှအထိ ထွက်ပေါက် အဖြစ်အသုံးပြုရန် ဗျူဟာချထားသည့် အဓိကစင်္ကြံလေးခုရှိသည့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း (Belt and Road Initiative-BRI) ကို ပစ်မှတ်ထားကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Dasu ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ အစိတ် အပိုင်းဖြစ်ပြီး ETIM နှင့် ၎င်းတို့မိတ်ဖက်များ၏ ခြိမ်းခြောက်မှုများတွင် ပါဝင်သည့် အခြားစီမံကိန်းသုံးခုမှာ တရုတ်-အာရှအလယ်ပိုင်း-အနောက်အာရှ စီးပွားရေးစင်္ကြံ၊ တရုတ်-မွန်ဂိုလီးယား-ရှရှား စီးပွားရေးစင်္ကြံနှင့် New Eurasia land bridge စီးပွားရေးစင်္ကြံ ဖြစ်သည်။

အာဖဂန်တွင် ငြိမ်းချမ်းရေးရောင်နီ မသန်းသေးပေ။ နိုင်ငံသည် အိန္ဒိယနှင့် ပါကစ္စတန်အကြားတွင် လည်းကောင်း၊ အမေရိကန်နှင့် တရုတ်၊ ရုရှားနှင့် အီရန်တို့တွင်လည်းကောင်း အလျော်အစားကြီးသည့် အားပြိုင်ပွဲသစ် “Great Game” တွင် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီးများ အာဏာတည်ဆောက်ရေးနှင့် အကျိုး စီးပွားလားရာများ ဆုံနေသည့် ခြေစမ်းကွင်းတစ်ခုအဖြစ် ကြားညပ်နေဆဲဖြစ်သည်။

အာဖဂန်သမ္မတ ဂါနီနှင့် တာလီဘန်တို့ ပါဝင်လာနိုင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ထွက်ရေး တောင်းဆိုချက်မှာ အောင်မြင်မည့်ပုံမပေါ်ပေ။ ယခုနှစ်ဆောင်းတွင်းတွင် ၎င်းတို့ တွက်ဆထားသည့်အတိုင်း အသာစီးရပြီး လာမည့်နွေရာသီအထိ ဆက်လက် အောင်ပွဲခံနိုင်မည်ဟု နှစ်ဖက်လုံးက ယုံကြည်ထား ကြသည်။ ဒေသတွင်း အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည့် မဆုံးနိုင်သည့် ပြည်တွင်းစစ်တစ်ခုဖြစ် လာနိုင်ခြေ လည်းရှိနေသဖြင့် ထိုအတွေးမှာ အမြော်အမြင်ကင်းမဲ့ရာ ကျနေသည်။

စစ်တပ်၏ အောင်ပွဲမှာလည်း ဖြစ်လာနိုင်မည့်ပုံမပေါ်ပေ။ သို့သော်လည်း ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ အခြေခံ အဆောက်အဦတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ်တွင် အောင်မြင်မှုကို ဆာလောင်နေကြသည့် ဒေသတစ်ခုတွင် စီးပွားရေး အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်သည်။ အစွန်းရောက်အဖွဲ့များ၏ အဓိကနေရာများတွင်ပင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လိုလားသည့် လူမှုရေးအင်အားစုများ တစ်စိတ်တစ်ဝမ်းတည်း ထပ်တူကျနေသည်။

ဇူလိုင်လနှောင်းပိုင်းတွင် ပါကစ္စတန်မြို့ Makin ရှိ Kabul တောင်ပိုင်းနေရာတွင် Pashtun Tahafuz Movement (PTM) ခေါင်းဆောင်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် Mohsin Dawar သည် အာဖဂန်တွင် ပါကစ္စတန်ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သည့် လူထုစုဝေးပွဲ တစ်ခုကို ဦးဆောင်ကျင်းပခဲ့သည်။

ကဘူးရှိ တရုတ်သံအမတ် ဝမ်ယုသည် အမျိုးသား ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းထားသည့်  Afghanistan High Council ဥက္ကဋ္ဌ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) နှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် Kabul ၌တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ ပံ့ပိုးကူညီမှုကို ဆွေးနွေးခဲ့သည်။ BRI ကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုလျှင် အာဖဂန်ဒေသတွင် တည်ငြိမ်အေးချမ်းမှု လိုအပ်မည်ဖြစ်သော်လည်း တရုတ်သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်နိုင်မှု အခြေအနေနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။  

ဤအချက်ကြောင့်ပင်လျှင် BRI ပဲ့ကိုင်ရှင် တရုတ်နိုင်ငံသည် အာဖဂန်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် အဓိက ဇာတ်ဆောင်များဖြစ်ကြသည့် အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကို ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေခြင်း ဖြစ်ပေသည်။

မေမိုး
(‘China seeks opportunity in crisis in Afghanistan’ by Vijay Prashad ကို မြန်မာဘာသာ ပြန်ဆိုပါသည်။ ပုံ - Getty Images)

မှတ်ချက် ။    ။ ဆောင်းပါးရှင် Vijay Prashad သည် အိန္ဒိယလူမျိုး သမိုင်းပညာရှင်၊ အယ်ဒီတာနှင့် သတင်း ထောက်တစ်ဦး ဖြစ်သည်။ သူသည် Globetrotter တွင် ပင်တိုင်ဆောင်းပါးရှင်၊ စာရေးသူနှင့် သတင်းတင်ဆက်သူ တစ်ဦးအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ ထို့အပြင် LeftWord Book ၏ အယ်ဒီတာချုပ် တစ်ဦးလည်းဖြစ်ပြီး Tricontinental: Institute for Social Research တွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သူသည် တရုတ် Renmin တက္ကသိုလ် Chongyang ဘဏ္ဍာရေးလေ့လာရေး အင်စတီကျု့၏ နိုင်ငံခြားသား အကြီးတန်းအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ The Darker Nations နှင့် The Poorer Nations တို့အပါအဝင် စာအုပ်ပေါင်းနှစ်ဆယ်ကျော် ရေးသားခဲ့ပြီး နောက်ဆုံး ထွက်ရှိထားသည့် စာအုပ်မှာ Evo Morales Ayma အမှာစာ ရေးသားထားသည့် Washington Bullets ဖြစ်သည်။