- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်းများ စတင်ပြီးနောက် နိုင်ငံဖြတ်ကျော်အကြမ်းဖက်မှုများ တကျော့ပြန် မြင်လာရမည်လား
အကြမ်းဖက်ဝါဒကို လျှော့ချရန်ကြိုးစားခဲ့သော်လည်း အကြမ်းဖက်ဝါဒီများကတော့ အကြမ်းဖက်ရန်အတွက် နိုင်ငံရေးဆန္ဒများကိုတော့ ဆက်လက်ဖော်ပြနေခဲ့ကြသည်။ ကပ်ရောဂါဖြစ်ပွားနေသော ကာလများအတွင်း အရှေ့တောင်အာရှ နိုင်ငံများရှိ အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ တိုက်ခိုက်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ကြပြီး နောက်ထပ် တစ်ဖန်ပြန်လည်ဖွဲ့စည်းနိုင်ရန် ၎င်းတို့ ကိုယ်ရေးအချက်အလက်များ လျှိုဝှက်ထားခဲ့ကြသည်။ ဤသည်မှာ (ဂျီဟတ်အတွက်ပြင်ဆင်ခြင်း) အရန်လှုပ်ရှားမှုများတွင် ပါဝင်နေခြင်းဖြစ်သည်ဟု လေ့လာသူများ မှတ်ချက်ပြုကြသည်။ အဆိုပါ အရန်အင်အားများက လှုပ်ရှားမှုလည်ပတ်နိုင်စွမ်းရည်ကို အားကောင်းစေသည်။ ယင်းလှုပ်ရှားမှုများတွင် ကိုယ်ကာယလေ့ကျင့်ခြင်း၊ ကိုယ်ခံပညာသင်ကြားခြင်း၊ ရန်ပုံငွေရှာဖွေခြင်းနှင့် လက်နက်ဝယ်ယူစုဆောင်းခြင်း၊ ကွန်ပျူတာ၊ လေယာဉ်၊ ဆေးဝါးစသည့် လေ့လာမှုများ ပါဝင်နိုင်သည်။
27 Apr 2022
DMG ၊ ဘာသာပြန်ဆောင်းပါး
ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ မြန်မာစစ်အာဏာသိမ်းမှု၊ ရုရှား-ယူကရိန်းစစ်ပွဲနှင့် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုများကြောင့် အကြမ်းဖက်ဝါဒ၏ အန္တရာယ်သည် အထိုက်အလျောက် မှေးမှိန်နေခဲ့သည်။ ကိုဗစ်ကပ်ရောဂါကို အသည်းအသန် ရင်ဆိုင်နေရသည့် ကာလအတွင်း ဖြစ်ပေါ်ခဲ့သော ကြီးမားသောအကြမ်းဖက်မှုများအား အများစုက အမှတ်ရနိုင်ကြမည် မဟုတ်ပေ။
ဤသည်က တကယ်တော့လည်း အံ့ဩစရာမဟုတ်ပေ။ မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှတွင် အကြမ်းဖက်မှုများ ကျဆင်းလာခဲ့သည်။ နိုင်ငံတကာ နိုင်ငံရေးအကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒ သုတေသနစင်တာ (ICPVTR)၊ အက်စ် ရာဂျာရတ္တနန် နိုင်ငံတကာလေ့လာရေးကျောင်း (RSIS) အချက်အလက်များကို အခြေခံထားသော Southeast Asia Militant Atlas မှဖော်ပြချက်အရ ၂၀၁၉ ခုနှစ်အတွင်း အပြင်းထန်ဆုံးသော အကြမ်းဖက်မှုများ အရေအတွက်အမြင့်ဆုံးအထိ ရောက်ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားပြီးနောက်မှာတော့ သိသိသာသာ ကျဆင်းသွားသည်ကို ကြုံတွေ့ရကြောင်း သိရသည်။
၎င်းအပြင် အရှေ့တောင်အာရှဒေသတွင်း (အထူးသဖြင့်) ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတွင်းရှိ အကြမ်းဖက်အုပ်စုများ ဒေသဆိုင်ရာ အာဏာပိုင်များလက်တွင်းသို့ ကျရောက်ပြီး ဖမ်းဆီးခံခဲ့ရသဖြင့် အကြမ်းဖက်မှုများ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဖိလစ်ပိုင်စစ်တပ် (AFP) ကလည်း အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများကို သိမ်းပိုက်နိုင်ခဲ့ပြီး စွမ်းရည်ကင်းမဲ့သော ခေါင်းဆောင်များနှင့် ၎င်းတို့နောက်လိုက်များကို လက်နက်ချအညံ့ခံကြရန် ဖိအားပေးနိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် အရှေ့ပိုင်း Sabah လုံခြုံရေးကွပ်ကဲမှုအဖွဲ့ (ESSCOM) ကလည်း AFP လက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော အဘူဆေယက်ဖ်အဖွဲ့ဝင်များအတွက် Sabah ပြည်နယ်တွင် ခိုလှုံရန်နေရာတစ်ခုဖန် တီးရန်ကြိုးပမ်းသူများအား ဖယ်ရှားနိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ တွင်လည်း Densus 88 (D 88) အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့မှ အကြမ်းဖက်ရန်ကြံစည်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီး ဒေသတွင်း အကြမ်းဖက်မှုဆဲလ်များကို တိုက်ခိုက်နိုင်ခဲ့သဖြင့် အကြမ်းဖက်မှု အကြိမ်အရေအတွက်ကို သိသိသာသာလျှော့ချနိုင်ခဲ့သည်။ သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီးမှ တက်ကြွစွာ ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် ပြေလည်နိုင်ခဲ့ပုံပေါ်သည်။
အကြမ်းဖက်ဝါဒကို လျှော့ချရန်ကြိုးစားခဲ့သော်လည်း အကြမ်းဖက်ဝါဒီများကတော့ အကြမ်းဖက်ရန်အတွက် နိုင်ငံရေးဆန္ဒများကိုတော့ ဆက်လက်ဖော်ပြနေခဲ့ကြသည်။ ကပ်ရောဂါဖြစ်ပွားနေသော ကာလများအတွင်း အရှေ့တောင်အာရှ နိုင်ငံများရှိ အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ တိုက်ခိုက်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ကြပြီး နောက်ထပ် တစ်ဖန်ပြန်လည်ဖွဲ့စည်းနိုင်ရန် ၎င်းတို့ ကိုယ်ရေးအချက်အလက်များ လျှိုဝှက်ထားခဲ့ကြသည်။ ဤသည်မှာ (ဂျီဟတ်အတွက်ပြင်ဆင်ခြင်း) အရန်လှုပ်ရှားမှုများတွင် ပါဝင်နေခြင်းဖြစ်သည်ဟု လေ့လာသူများ မှတ်ချက်ပြုကြသည်။ အဆိုပါ အရန်အင်အားများက လှုပ်ရှားမှုလည်ပတ်နိုင်စွမ်းရည်ကို အားကောင်းစေသည်။ ယင်းလှုပ်ရှားမှုများတွင် ကိုယ်ကာယလေ့ကျင့်ခြင်း၊ ကိုယ်ခံပညာသင်ကြားခြင်း၊ ရန်ပုံငွေရှာဖွေခြင်းနှင့် လက်နက်ဝယ်ယူစုဆောင်းခြင်း၊ ကွန်ပျူတာ၊ လေယာဉ်၊ ဆေးဝါးစသည့် လေ့လာမှုများ ပါဝင်နိုင်သည်။
Jemaah Islamiyah (JI) ကဲ့သို့သောအုပ်စုများသည် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်များ အောင်မြင်မှုရရှိစေရန် အတွက် အင်ဒိုနီးရှားအစိုးရယန္တရား၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပညာတတ်လောကအတွင်းသို့ စတင်စိမ့်ဝင်လာခဲ့သည်။ အထူးသဖြင့် အင်ဒိုနီးရှား အစ္စလာမ္မစ်နိုင်ငံရေးပါတီ ဖြစ်သော Partai Dakwah Rakyat Indonesia (PDRI) ၏ အကြီးတန်းအဖွဲ့ဝင် Anung Al-Hamat က JI ၏ ထိပ်တန်းစီမံခန့်ခွဲသူအဖြစ် နှစ်ဆ တာဝန်ထမ်းဆောင်လာသည်။ Anung သည် ပညာတတ်အသိုင်းအဝိုင်းတွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် မဖြစ်မနေဂျီဟတ် ပညာရေးအတွက် အငြင်းပွားဖွယ်ရာ စာအုပ်ကို ထုတ်ဝေခဲ့သည်။
ဖိလစ်ပိုင်တွင် အစွန်းရောက် Dawlah Islamiyah-Maute Group (DIMG) သည်လည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး လူသစ်စုဆောင်းခြင်းကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် လည်းလူသစ်စုဆောင်းမှုများ ရှိပါသည်။ ဖိလစ်ပိုင်စစ်တပ် (AFP) နှင့် အမျိုးမျိုးသော စစ်သွေးကြွအဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဆင်းရဲတွင်း ပိုမိုနက်ရှိုင်းလာသည်။ မကြာမီကာလအတွင်း စစ်သွေးကြွများ အနေဖြင့် ကြီးမားသောထိုးစစ်များ ဆင်ရန် မဖြစ်နိုင်သေးသော်လည်း ပြန်လည်စုဖွဲ့ခြင်းနှင့် ပြန်လည်နာလန်ထူလာသော လက္ခဏာများ တွေ့နေရပါသည်။
အစွန်းရောက်ဝါဒ ဆက်လက်တည်ရှိနေကြောင်း ၎င်းအချက်များက သက်သေပြနေသည်။ အကြမ်းဖက် အဖွဲ့များအနေဖြင့် ၎င်းတို့ဆက်လက်ရှင်သန်ရန် တတ်နိုင်သမျှ လုပ်ဆောင်နေကြပြီး ပိုမိုအားကောင်းလာစေရန်လည်း လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ယာယီကြားကာလ တိုက်ခိုက်မှုအသေးစားများကို အန္တရာယ်ကင်းသည်ဟု လွဲမှားယူဆခြင်းမျိုး မဖြစ်သင့်ပေ။ ဂလိုဘယ်လိုက်ဇေးရှင်းသည် စင်ကာပူနိုင်ငံစီးပွားရေးအတွက် အင်ဂျင်ဖြစ်ပြီး အကြမ်းဖက်ဝါဒ၏ အသက်သွေးကြောလည်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်သည်နှင့်အမျှ အကြမ်းဖက်တိုက်ခိုက်မှုများ နောက်တကျော့ ပြန်ပေါ်ပေါက်လာနိုင်ကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကတိတိကျကျ အကဲဖြတ်ခန့်မှန်းထားသည်။ ထို့ကြောင့် နယ်စပ်များ တဖြည်ဖြည်း ပြန်လည်ဖွင့်လှစ်လာခြင်းကို ဂုဏ်ပြုကြိုဆိုလာချိန်မှာပဲ ကျွန်ုပ်တို့အနေဖြင့် သတိရှိရန်လိုအပ်သည်။
အရှေ့တောင်အာရှအတွင်း နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု
ပြည်ပဩဇာ လွှမ်းမိုးမှုကလည်း ဒေသတွင်းအကြမ်းဖက်တိုက်ခိုက်မှုကို ပိုမိုကျယ်ပြန့်စေသည်။ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည် ၉/၁၁ တိုက်ခိုက်မှုကို နိုင်ငံအများအပြားတွင် အစီအစဉ်တကျ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ပူးပေါင်းကြံစည်ခဲ့သူ Khalid Sheikh Mohammed သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် မှတဆင့် အယ်လ်ခိုင်းဒါးအဖွဲ့၏ ခရီးသွားလာရေး အဆင်ပြေရန် Jemaah Islamiyah (JI) မှ စစ်ဆင်ရေးခေါင်းဆောင် Riduan Isamuddin(alias Hambali) နှင့် ကျယ်ပြန့်သောဆက်ဆံရေး ရှိခဲ့သည်။ လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရသော ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲ တိုက်ခိုက်မှုကိုလည်း Hambali ကဆက်လက်ကူညီပေးခဲ့သည်။ ဟမ်ဘာလီ၏ ဝန်ခံချက်တွင် ၎င်းဆောင်ရွက်ခဲ့သော တိုက်ခိုက်မှုများအတွက် အယ်လ်ခိုင်းဒါးက ဒေါ်လာ ၃၀၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ရလဒ်ကောင်းမွန်ခဲ့သောကြောင့် နောက်ထပ်ဒေါ်လာ ၁ သိန်း ထပ်မံပေးခဲ့သည်ဟု ဖော်ပြထားသည်။
JI အနေဖြင့် အဖွဲ့အစည်းအလိုက် ဒေသတစ်ဝန်း ၎င်း၏ကွန်ရက်ကို ချဲ့ထွင်ရန် ရည်မှန်းချက်ကြီးကြီးမားမား ရှိထား သည်။ JI ကို ၁၉၉၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့ပြီး ၎င်း၏ဌာနချုပ်ကို အင်ဒိုနီးရှားနိုင်ငံသို့ ပြောင်းရွှေ့ ပြီး JI-စင်ကာပူကိုလည်း ဖန်တီးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် JI က Abu Bakar Bashir ဦးဆောင်သော Rabitatul Mujahidin (မူဂျာဟစ်ဒင် ညွန့်ပေါင်းအဖွဲ့) ကိုတည်ထောင်ခဲ့ပြီး ဒေသတွင်း အစ္စလာမ္မစ်စစ်သွေးကြွကွန်ရက်ကို ဖန်တီးခဲ့သည်။ ဤကွန်ရက်က စစ်သွေးကြွအုပ်စု အမျိုးမျိုး၏ အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို စုစည်းရန်ရည်ရွယ်သည်။ မဟာမိတ်အဖွဲ့က အင်ဒိုနီးရှား၊ မလေးရှား နှင့် စင်ကာပူတို့မှ JI အဖွဲ့ဝင်များအား ဖိလစ်ပိုင်တောင်ပိုင်းရှိ ဘေးကင်းသောစခန်းများတွင် အကြမ်းဖက်သင်တန်းများ လေ့ကျင့်သင်ကြားခွင့် ပြုခဲ့သည်။
နိုင်ငံခြားအကြမ်းဖက်တိုက်ခိုက်ရေးသမားများ
ဒေသခံနယ်မြေများကို တိုက်ခိုက်ခြင်းက ကြီးမားသော အစိတ်အပိုင်းကြီးတစ်ခု၏ အစွန်အဖျားသာဖြစ်သည်။ အာဏာပိုင်များအတွက် အဓိကစိုးရိမ်စရာမှာ ပြည်ပမှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများ ရွှေ့ပြောင်းလာခြင်း ဖြစ်သည်။
အရှေ့တောင်အာရှအနေဖြင့် ပြည်ပတိုက်ပွဲလှိုင်း သုံးလှိုင်းနှင့် ကြုံတွေ့ခဲ့ရသည်။ ပထမလှိုင်းမှာ ဆိုဗီယက်-အာဖဂန် ပဋိပက္ခအတွင်း အရှေ့တောင်အာရှမှ စစ်သွေးကြွများကို လက်နက်ကိုင်ဆောင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင် Thomas Hegghammer က အာဖဂန်မူဂျာဟစ်ဒင်ကို ထောက်ခံသော နိုင်ငံခြားတိုက်ခိုက်ရေးသမား ၅၀၀၀ - ၂၀၀၀၀ နီးပါးရှိနေသည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့သည် အရှေ့တောင်အာရှတွင် အာဖဂန်မှပြန်လာခဲ့ကြသော “အာဖဂန်ကျောင်းသားဟောင်းများ”ဖြစ်လာခဲ့ကြသည်။ ၎င်းတို့၏ လေ့ကျင့်ရေးနှင့် နိုင်ငံဖြတ်ကျော်ကွန်ရက်များကို အသုံးချပြီး ဒေသတွင်း သို့မဟုတ် ဒေသအလိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဒုတိယလှိုင်းက အရှေ့တောင်အာရှနိုင်ငံများကို အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) ဆီသို့ ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် Abu Bakr al-Baghdadi သည် ကာလီဖိတ် ကြေညာပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော ပြည်ပအကြမ်းဖက် တိုက်ခိုက်ရေးသမားများ၏ မိသားစုဝင်များနှင့် ကလေးများ (FTFs) သည် ပြည်တွင်းစစ်အတွင်း ပါဝင်ရန် ဆီးရီးယားနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ Soufan Center ၏ ၂၀၁၇ အစီရင်ခံစာကို အခြေခံ၍ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှ FTFs ၅၃၀၀၀ ကျော် ဆီးရီးယားတွင် IS တို့နှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။ ၎င်းတွင် အရှေ့တောင်အာရှမှ ၁၀၀၀ ကျော်ပါဝင်ပြီး စင်ကာပူနိုင်ငံသား Megat Shahdan Bin Abdul Samad ခေါ် Abu Uqayl လည်းပါဝင်သည်။
သို့သော် အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့ရှုံးနိမ့်သွားခဲ့ပြီးနောက် ၎င်းတို့၏ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချကာ ကမ္ဘာတစ်ဝန်းတွင် ခိုကပ်နေကြပြီး ပြည်နယ်များဖန်တီးခဲ့သည်။ အရှေ့အာရှပြည်နယ်များသည် အစ္စလာမ္မစ်နိုင်ငံတော်၏ အရှေ့ဖျားဆုံးပြည်နယ်ဖြစ်ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများကို လွှမ်းခြုံထားသည်။ ကာဖီအစိုးရကို ဝန်းရံထားဖို့ ဖိလစ်ပိုင်တောင်ပိုင်းတွင် စုဝေးထားရန် IS ကတောင်းဆိုထားသည်။
IS ပေးလိုသော သတင်းစကားမှာ ရိုးရှင်းသည်။ “အကယ်၍ ခရီးမသွားနိုင်ပါကလည်း ကိုယ့်အိမ်မှာကိုယ် တိုက်ပွဲဝင်ကြရန်”ဖြစ်သည်။
အဆုံးစွန်အားဖြင့် ၂၀၁၆ ခုနှစ် အစ္စလာမ္မစ်စစ်သွေးကြွများအား စည်းရုံးလှုံဆော်ခြင်းမှ ဖြစ်ပေါ်လာသော တတိယလှိုင်းက IS စစ်သွေးကြွများထံ သစ္စာခံထားသော ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့တိုက်ပွဲဟု လူသိများသော ပြည်ပတိုက်ပွဲများ ၂၀၁၇ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားများ ၅ လကြာ သိမ်းပိုက် ထားခဲ့သော မာရာဝီမြို့ကို ပြန်လည်သိမ်းယူရန် အစိုးရတပ်များ ကြိုးပမ်းမှုက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖိလစ်ပိုင်တွင်အဆိုးရွားဆုံးစစ်ပွဲ ဖြစ်ခဲ့သည်။ အကြမ်းဖက်သမားများ မာရာဝီမြို့ကို သိမ်းပိုက်ထားနိုင်မှုကြောင့် စစ်ပွဲများက ဖိလစ်ပိုင်တစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားခဲ့သော်လည်း ၎င်းက ဒေသတွင်း စစ်ဆင်ရေးတစ်ခု ဖြစ်လာခဲ့သည်။ မောက်တီအုပ်စုနှင့် အဘူဆေယက်ဖ်ကဲ့သို့သော ဒေသတွင်းအကြမ်းဖက်အဖွဲ့များ၏ ပေါင်းစပ်လက်နက်များအပြင် အရွယ်မရောက်သေးသူများ အပါအဝင် အခြားနိုင်ငံခြားသား အယောက် ၁၀၀ က IS ကိုထောက်ပံ့ရန် မာရာဝီမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်း FTF များတွင် မလေးရှားနိုင်ငံသား မာမွတ်အာမက်နှင့် အာမင်ဘာကိုကဲ့သို့ အရေးပါသော တပ်မှူးများလည်း ပါဝင်သည်။
နိုင်ငံခြားတိုက်ခိုက်ရေးသမားများ ပြန်ပြီးရောက်ရှိလာခြင်း
ပြည်ပတိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ပြည်တွင်းပြဿနာများလည်း ဖြစ်လာနိုင်သည်။ အရှေ့တောင်အာရှတွင် အသေအပျောက် များခဲ့သော အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် အဘူဆေယက်ဖ် နှင့် ဂျေအိုင်ကဲ့သို့သော အဖွဲ့အစည်းများ ပြန်လည်ရှင်သန်လာမှုက အာဖဂန်မူဂျာဟစ်ဒင် အတွေ့အကြုံများမှတဆင့် အယ်လ်ကိုင်းဒါးများနှင့် ဆက်စပ်နေသည်။ ဥပမာအားဖြင့် အာဖဂန်ပြန် ကျောင်းသားဟောင်းများက တိုက်ပွဲအတွေ့အကြုံများဖြင့် နိုင်ငံတကာ ကွန်ရက်များမှ ပြန်လာကြသူများ အဆင်ပြေချောမွေ့စေရန် လူသူစည်းရုံးခြင်းနှင့် နိုင်ငံတွင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသို့ခရီးထွက်သွားကြသော FTF များကို လစ်လျှူရှုခဲ့ခြင်းက အမှားတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း FTF များအပေါ်စီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံများအကြား ယခုအချိန်ထိတိုင် သဘောတူညီမှုမရရှိသေးပါ။ အာဏာ ပိုင်များအနေဖြင့်လည်း လူ့အခွင့်အရေး၊ အမျိုးသားလုံခြုံရေးနှင့် အစိုးရစွမ်းဆောင်ရည်များ ဟန်ချက်ညီစေရန် ရုန်းကန်နေရသည်။ ယနေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံသား ရ၀၀ နီးပါးနှင့် မလေးရှားနိုင်ငံသား ၁၀၀ နီးပါး အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Al-Hol စခန်း သို့မဟုတ် Al-Hasakah အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်းသိရ သည်။ ထိုသို့ထိန်းသိမ်းခံထားရသော အကျဉ်းသားများအား ပြန်လည်ထူထောင်ရေး မဆောင်ရွက်နိုင်ခဲ့လျှင် ၎င်းတို့က အရှေ့တောင်အာရှလုံခြုံရေးအတွက် ဆိုးရွားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။
နိုင်ငံဖြတ်ကျော်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ဒေသတွင်းအကာအကွယ်များ
နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများကို ဘက်ပေါင်းစုံမှ ကာကွယ်ရန်လိုအပ်သည် ဆိုတာကိုတော့ အရှေ့တောင်အာရှ အစိုးရအသီးသီးက အသိအမှတ်ပြုထားကြသည်။ နှစ်နိုင်ငံ ထောက်လှမ်းရေးနှင့် တရားခံလွှဲပြောင်းရေးအစီအစဉ် များတွင် အာဆီယံက နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများကို တုံ့ပြန်မှုအားကောင်းစေရန် ဒေသတွင်းအားထုတ်မှုထက် ကျော်လွန်နေသော ယန္တရားများ ဖန်တီးနိုင်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများကို ကာကွယ်ရေးသည် အာဆီယံဝန်ကြီးများ အစည်းအဝေး၏ အဓိကအချက်ဖြစ်သည်။
ဒေသတွင်းအကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ပစ်မှတ်ထားသော ဒေသခွဲဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ထူထောင်ခဲ့သည်။ ဥပမာဆိုရလျှင် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ပါဝင်သော သုံးနိုင်ငံပေါင်းစည်းမှု သဘောတူညီချက် (TCA) သည် ဆူလူ-ဆယ်လီဘက်စ် ပင်လယ်တွင် ရေကြောင်းဆိုင်ရာ အကြမ်းဖက်လှုပ်ရှားမှုများကို တားဆီးရန် ရည်ရွယ်သည်။ Sulu-Celebes Seas သည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး သင်္ဘောလမ်းများဖြစ်သည်။ ၎င်းလမ်းကြောင်းသည် FTF များ မလေးရှားမှ ဖိလစ်ပိုင်သို့သွားရန် အဓိကလမ်းကြောင်း ဖြစ်သောကြောင့် နယ်စပ်တင်းမာမှု နှစ်ဆတိုးလာသည်။
၂၀၁၇ မာရာဝီမြို့အား ဝိုင်းထားခြင်းကို တုံ့ပြန်သောအားဖြင့် စောင့်ကြည့်မျက်လုံးများ အစပြုခြင်း (OEI) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အကောင်အထည်ဖော်ခဲ့သည်။ အကြမ်းဖက်ပဋိပက္ခတွင် FTF များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသောအားဖြင့် အာဆီယံအဖွဲ့ဝင် အများအပြားက စစ်သွေးကြွအုပ်စုများ အကြောင်း ထောက်လှမ်းဖလှယ်ရန်နှင့် အကြမ်းဖက်ဝါဒဆိုင်ရာနှင့် ပတ်သက်သော ဒေတာဘေစ့်များတည်ဆောက်ရန် အပတ်စဉ်တွေ့ဆုံဖို့ သဘောတူညီခဲ့ကြသည်။ အရှေ့တောင်အာရှ အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုလုပ်ငန်း (SEA CTWFG) ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ ဤအဖွဲ့က တရားဥပဒေစိုးမိုးရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရှင် များအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုနှင့် ပတ်သက်သော ငွေကြေးထောက်ပံ့မှု ကို ဖြေရှင်းရန်ရည်ရွယ်သည်။ အဆိုပါအဖွဲ့တွင် ဖိလစ်ပိုင်၊ ဩစတြေးလျ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည်။
ဘာဆက်ဖြစ်လာမလဲ
အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုကို အခြားသော ပထဝီနိုင်ငံရေးဖြစ်ရပ်များက သေချာပေါက် လွှမ်းမိုးထားသော်လည်း လစ်လျူမပြုထားသင့်ပေ။ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်သည်နှင့်အမျှ အကြမ်းဖက်သမားများက စစ်ပွဲမီးတောက်များ ပြန်လည်စတင်လာမည်ဟု မျှော်လင့်ရသည်။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များက ပြည်တွင်းတိုက်ပွဲများကို ပံ့ပိုးရန်ကြိုးပမ်းနိုင်ပြီး တိုက်ပွဲအတွေ့အကြုံ ရှိသော FTF များကလည်း အိမ်ပြန်ဖို့ ကြိုးပမ်းလာနိုင်သည်။
သို့သော် ကျွန်ုပ်တို့က အကာအကွယ်မဲ့များ မဟုတ်ကြပါ။ အကြမ်းဖက်ဝါဒ ပြန့်ပွားမှုနှင့် ထိုပြန့်ပွားမှုကို တားဆီးရန် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အခန်းကဏ္ဍကို လုပ်ဆောင်လျက် ရှိနေကြသည်။ ထောက်လှမ်းရေး အချက်အလက်များ မျှဝေမှုကို မြှင့်တင်ရန်နှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုများကို လျှော့ချရန်၊ နယ်စပ်လုံခြုံရေး ခိုင်မာစေရန် ဒေသအဆင့်ဆင့် ဆောင်ရွက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ဒေသတွင်း အကြမ်းဖက်အန္တရာယ်များကို လျော့ပါးသက်သာစေရန် ဤဘက်စုံသုံး ယန္တရားများအား အဆင့်မြှင့်တင်ရန်၊ ပြန်လည် အသက်ဝင်လာစေ ရန်နှင့် မူဝါဒရေးဆွဲသူများအတွက် ဖြည့်စွက်အဆင့်မြှင့်တင်ရန် အရေးကြီးသည်။
ကြည်ဖြူစံ
The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် Kenneth Yeo ရေးသားသော “As Southeast Asia Reopens, Will Transnational Terrorism Return?” ကိုဆီလျော်အောင် ရေးသားပါသည်။