- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာ့အရေး အာဆီယံ၏ အစီအစဉ်ကို ရုရှား ထောက်ခံ
မြန်မာ့အကျပ်အတည်းကို အဆုံးသတ်ရန် အာဆီယံအဖွဲ့ကြီး၏ သံတမန်ပိုင်းအရ အားထုတ်မှုကို ရုရှားနိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံကြောင်းနှင့် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းကိုလည်း အလားတူသတင်းစကားမျိုး အသိပေးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ (ဇူလိုင် ၆) ပြောကြားလိုက်သည်။
06 Jul 2021
DMG ၊ ဇူလိုင် ၆
မြန်မာ့အကျပ်အတည်းကို အဆုံးသတ်ရန် အာဆီယံအဖွဲ့ကြီး၏ သံတမန်ပိုင်းအရ အားထုတ်မှုကို ရုရှားနိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံကြောင်းနှင့် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းကိုလည်း အလားတူသတင်းစကားမျိုး အသိပေးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ (ဇူလိုင် ၆) ပြောကြားလိုက်သည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်သည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းမည့် အခြေခံအချက်များ ဖြစ်သင့်သည့်ဟု ဝန်ကြီး ဆာဂေးလာဗရော့က အင်ဒိုနီးရှားတွင် အလည်အပတ် ရောက်ရှိနေစဉ် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“မြန်မာခေါင်းဆောင်တွေ၊ စစ်တပ်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ ဆက်သွယ်တဲ့အပိုင်းမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ မြှင့်တင်ပေးပါတယ်။ အာဆီယံဟာ ဒီအကျပ်အတည်းကို ဖြေရှင်းပြီး မြန်မာ့အခြေအနေကို နဂိုအနေအထားဆီ ပြန်လည်ဆောင်ကြဉ်းပေးနိုင်တဲ့ အခြေခံလမ်းကြောင်းတစ်ရပ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။” ဟု လာဗရော့က ပြောသည်။
လာဗရော့၏ ဂျာကာတာခရီးစဉ်အတွင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အွန်လိုင်းတွေ့ဆုံမှု ပြုလုပ်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က မြန်မာ့စီးပွားရေးနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားပြီး မြန်မာအပေါ် လက်နက်ရောင်းချမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ပင်ပေးရန် တောင်းဆိုနေချိန်၌ ဝန်ကြီး လာဗရော့၏ ယခုမှတ်ချက်သည် အထူးအရေးပါကြောင်း ရိုက်တာသတင်းတွင် ရေးသားထားသည်။
ဧပြီလအတွင်း ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သော်လည်း မြန်မာစစ်တပ်သည် ထိုအချက်များကို ယခုအထိ အကောင်အထည်ဖော် လိုက်နာခြင်း မရှိသေးပေ။
မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရအဖွဲ့အား အသိအမှတ်ပြုထားသော နိုင်ငံအနည်းငယ်တွင် ရုရှားလည်း ပါဝင်သည်။
ရုရှားသည် မြန်မာကို အဓိက လက်နက်ရောင်းချပေးနေသလို စစ်ဘက်ဆိုင်ရာ သင်တန်းများလည်း ပေးနေပြီး ထိပ်ပိုင်း ခေါင်းဆောင်များသည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ကာ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ရှိသည်။
ပြီးခဲ့သည့် ဇွန်လတွင်လည်း မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။