ဗီယင်နာမြို့လယ်တွင် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်၊ ၅ ဦးသေ အများအပြား ဒဏ်ရာရ

သြစထြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးသူ အရပ်သား ၅ ဦး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

03 Nov 2020

(ဓာတ်ပုံ - AFP, Getty Images, AP)

သြစထြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးသူ အရပ်သား ၅ ဦး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစထြီးယားစံတော်ချိန် တနင်္လာနေ့ည ၈ နာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက်အာရုံ ၁ နာရီခွဲခန့်) တွင် ဗီယင်နာမြို့တွင်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည့် သေနတ်သမား အရေအတွက်ကို အသေးစိတ် မသိရသေးပေ။ ဗီယင်နာရဲတပ်ဖွဲ့၏ ဖြေကြားချက်များအရ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသူ အများအပြား ပါဝင်ပြီး နေရာခြောက်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေနတ်သမားတစ်ဦးအား အသေပစ်ခတ်ခဲ့ကြောင်း သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစထြီးယားတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက် လာသဖြင့် လော့ဒေါင်းစည်းကမ်းများ တစ်ကျော့ပြန်ချမှတ်ထားသည်။ အဆိုပါစည်းကမ်း စတင်အသက်ဝင်ရန် နာရီပိုင်းသာ လိုတော့သည့် အချိန်၌ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအတွင်း လူများဖြင့် ပြည့်ကြပ်နေစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကို ကိုယ်တွေ့မြင်ခဲ့ရသူ တစ်ဦးက ပစ်ခတ်မှုပြုလုပ်သူများသည် စနစ်တကျ လေ့ကျင့်ထားသည့် ပရောဖက်ရှင်နယ်သမားများ ဖြစ်ပုံရသည်ဟု ပြောသည်။

“တွေဝေနေတဲ့ပုံစံ မပေါ်သလို ဗရမ်းပတာပစ်တာလည်း မဟုတ်ဘူး၊ တိုက်ခိုက်ရေးသမား တစ်ယောက်လို ပစ်မှတ်ကို သေချာကြည့်ပြီး ပစ်သွားတာ” ဟု သူမြင်တွေ့လိုက်သူ တစ်ဦး၏ပုံစံကို ပြန်ပြောပြသည်။

သြစထြီးယား ပြည်ထဲရေးဝန်ကြီး ကားလ်နီဟမ်းမားက ယခုပစ်ခတ်မှုသည် အကြမ်းဖက်သမားများ၏ လုပ်ရပ် ဖြစ်ကြောင်း မီဒီယာတစ်ခုသို့ ဖြေကြားသည်။ ဗီယင်နာ မြို့တော်သားများ အိမ်တွင်း၌သာ နေထိုင်ပေးကြရန်လည်း ဝန်ကြီးက ပြောကြားခဲ့သည်။