ရုရှားနှင့် ဘဲလာရုစ် လာမည့်နှစ်အစောပိုင်းတွင် ပူးပေါင်းစစ်ရေးလေ့ကျင့်မည်

ရုရှားနှင့် ဘဲလာရုစ်နိုင်ငံတို့ပူးပေါင်း၍ လာမည့်နှစ် အစောပိုင်းတွင် စစ်ရေးပြလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

31 Dec 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘက် အပြင်ဘက် စရီနာရှိ ကွန်စတန်တင် နန်းတော်၌ ကျင်းပသည့် အစည်းအဝေးပွဲ၌ ဘဲလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အားတွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဒီဇင်ဘာ ၃၁

ရုရှားနှင့် ဘဲလာရုစ်နိုင်ငံတို့ပူးပေါင်း၍ လာမည့်နှစ် အစောပိုင်းတွင် စစ်ရေးပြလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်က ဘဲလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို၏ စစ်ရေးလေ့ကျင့်မှုများ ထပ်မံဆောင်ရွက်ရန် အဆိုပြုချက်ကို လက်ခံကြိုဆိုခဲ့ပြီး လာမည့်ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်ပြုလုပ်သွားရန် ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအချက်များကို ဘဲလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် စိန့်ပီတာဘတ်ရှိ အစည်းအဝေးပွဲတစ်ခုအတွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာအရာရှိများက အသေးစိတ်ကို ညှိနှိင်းဆောင်ရွက်ကြမည်ဟုလည်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းအနီးတွင် ရုရှားတပ်ဖွဲများ တစ်နေ့ထက်တစ်နေ့ အင်အားကြီးမားလာခြင်းကြောင့် အနောက်အုပ်စုများက ကျူးကျော်ထိပါးမှုအတွက် စိုးရိမ်မကင်းဖြစ်နေကြသည့်ကြားထဲတွင် ပူတင်၏ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းရှိ အချို့သောအရာရှိများက ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံအား ဘဲလာရုစ် ပိုင်နက်နယ်စပ်ဘက်မှ တိုက်ခိုက်လာနိုင်သည်ကို စိုးရိမ်မကင်းဖြစ်မိသည်ဟု ပြောဆိုထားကြသည်။

ရုရှားကမူ ၎င်း၏အိမ်နီးချင်းနိုင်ငံကိုတိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းပယ်ထားပြီး နေတိုးတပ်ဖွဲ့များ အနေဖြင့် ယူကရိန်းသို့ ခြေဆန့်ခြင်းမပြုရန်နှင့် လက်နက်တပ်ဆင်မှုများမပြုရန်ကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက အာမခံပေးရန်တောင်းဆိုခဲ့ပြီး အနောက်အုပ်စုက အဆိုပါတောင်းဆိုချက်ကို ပယ်ချခဲ့သည်။

ရုရှားနှင့် ဘဲလာရုစ်တို့သည် နွေးထွေးသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဆက်ဆံမှုများကို မျှော်မှန်းသည့် နိုင်ငံတော်အဆင့် သဘောတူညီချက်ကိုထားရှိကြပြီး အနောက်အုပ်စု၏ ဖိအားများအကြားတွင် မော်စကိုက လူကာရှန်အား အခိုင်အမာ ကျောထောက်နောက်ခံပေးထားသည်။

သြဂုတ်လ ၂၀၂၀ မဲပေးမှုတွင် ပြိုင်ဘက်များကိုကျော်တက်၍ လူကာရှန်ကို ခြောက်ကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရမှုကြောင့် ပေါ်ပေါက်လာခဲ့သော ပြည်တွင်းဆန္ဒပြမှုကို ရက်စက်စွာဖြိုခွင်းမှုနောက်ပိုင်းတွင် ဘဲလာရုစ်အပေါ် အနောက်အုပ်စု၏ ဖိအားများသည် ပိုမိုပြင်းထန်လာခဲ့သလို ဘဲလာရုစ်အတိုက်အခံများနှင့် အနောက်အုပ်စုများက အဆိုပါရွေးကောက်ပွဲသည် အကြံအဖန်လုပ်ရပ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။