ဗြိတိန်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီ အပြတ်အသတ် အနိုင်ရ

ဂျွန်ဆင်၏ အဓိကပြိုင်ဘက် လေဘာပါတီမှာမူ လွှတ်တော်အတွင်း ၅၉ နေရာထိ လက်လွှတ်ခဲ့ရပြီး ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်အဖြစ် စံချိန်တင်သွားခဲ့သည်။

By Foreign Desk 14 Dec 2019

သူ၏နိုင်ငံရေးပြိုင်ဘက်များကို Brexit ၏ ရန်သူများအဖြစ် အသွင်ပြောင်းပစ်ခဲ့သော ဂျွန်ဆင်၏ဗျူဟာ အလုပ်ဖြစ်ခဲ့သည်။ (ဓာတ်ပုံ - AFP)

သောကြာနေ့( ဒီဇင်ဘာလ ၁၃ ရက်) တွင်ကျင်းပခဲ့သော ဗြိတိန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်နေရာအများအပြားကို အနိုင်ရသွားခဲ့ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအနိုင်ရလဒ်ကြောင့် ဘောရစ်ဂျွန်ဆင်အနေဖြင့် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကို လာမည့် ရက်သတ္တပတ်များအတွင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ၏ အနိုင်ရမှုမှာ ၁၉၈၇ ခုနှစ်က မာဂရတ်သက်ချက်၏ အနိုင်ရမှုနောက်ပိုင်း အကြီးမားဆုံးရလဒ်အဖြစ် စံချိန်တင်ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြောကြားသော မိန့်ခွန်းတွင် ဝန်ကြီးချုပ်ဂျွန်ဆင်က အဓိပ္ပာယ်မရှိသည့် နှောင့်နှေးကြန့်ကြာမှုများကို အဆုံးသတ်ပြီး ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ Brexit ကို အပြီးသတ်မည်ဟု ကတိပေးပြောကြားခဲ့သည်။

ဂျွန်ဆင်၏ အဓိကပြိုင်ဘက် လေဘာပါတီမှာမူ လွှတ်တော်အတွင်း ၅၉ နေရာထိ လက်လွှတ်ခဲ့ရပြီး ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်အဖြစ် စံချိန်တင်သွားခဲ့သည်။

စကော့တလန်အမျိုးသားရေးပါတီ(SNA) မှာ ၁၃ နေရာအသာရကာ ၄၈ နေရာဖြင့် ဗြိတိန်၏ တတိယအကြီးဆုံးပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ယခုဗြိတိန်ရွေးကောက်ပွဲတွင် ထူးခြားမှုအနေဖြင့် လေဘာပါတီမှ လွှတ်တော်အတွင်း သက်တမ်းအရှည်ကြာဆုံး အမတ်အဖြစ် ထမ်းဆောင်လာခဲ့သော ဒန်းနစ်စကင်နာ ရှုံးနိမ့်ခဲ့ပြီး ၁၉၇၀ ခုနှစ်ကတည်းက ရယူလာခဲ့သော ၎င်း၏ အမတ်နေရာကို လက်လွှတ်လိုက်ရသည်။

အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်သော စကင်နာသည် ကွန်ဆာဗေးတစ်ပါတီမှ မက်ခ်ဖလက်ချာကို အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။

ယခုရွေးကောက်ပွဲရလဒ်များအရ Brexit ကို ထောက်ခံသော အင်္ဂလန် အလယ်ပိုင်းနှင့် မြောက်ပိုင်းမဲဆန္ဒနယ်များတွင် သူ၏နိုင်ငံရေးပြိုင်ဘက်များကို Brexit ၏ရန်သူများအဖြစ် အသွင်ပြောင်းပစ်ပြီး အခြားပြိုင်ဘက်ပါတီများထံမှ မဲများဖဲ့၍ ရယူခဲ့သည့် ဂျွန်ဆင်၏ ရွေးကောက်ပွဲဗျူဟာမှာ အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဂျွန်ဆင်သည် ယခုရွေးကောက်ပွဲကို " Brexit ကို ပြီးမြောက်အောင်ဆောင်ရွက်စို့ " ဟူသည့်ဆောင်ပုဒ်ဖြင့် ယှဉ်ပြိုင်င်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းဆိုက်မှုများကို ဖြေရှင်းကာ ကျန်းမာရေး၊ ပညာရေး နှင့် ရဲဌာနတို့အတွက် ငွေပိုမိုသုံးစွဲသွားမည်ဟု ကတိပြုထားသည်။