- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်စပိုင်တစ်ဦး သြစတြေးလျတွင် ခိုလှုံခွင့်တောင်းခံ၊ တရုတ်သို့ပြန်လျှင် အသတ်ခံရမှာကြောက်၍ဟုဆို
တရုတ်သူလျှိုတစ်ဦးသည် သြစတြေးလျတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ကြောင်း သြစတြေးလျမီဒီယာများကို ကိုးကားပြီး BBC သတင်းဌာနက နိုဝင်ဘာ ၂၃ ရက်နေ့တွင်ဖော်ပြလိုက်သည်။
24 Nov 2019
တရုတ်သူလျှိုတစ်ဦးသည် သြစတြေးလျတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ကြောင်း သြစတြေးလျမီဒီယာများကို ကိုးကားပြီး BBC သတင်းဌာနက နိုဝင်ဘာ ၂၃ ရက်နေ့တွင်ဖော်ပြလိုက်သည်။
ဝမ်လိချောင်ဟု အမည်ရသောအဆိုပါအမျိုးသားက သူသည်တရုတ်နိုင်ငံက ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲနှင့်နိုင်ငံရေး တို့အပေါ် ဝင်ရောက်စွက်ဖက်လွှမ်းမိုးနိုင်ရန် လျှို့ဝှက်လုပ်ဆောင်ရသော သူလျှိုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်ဟု ပြောကြားကြောင်း သြစတြေးလျမီဒီယာများက ဖော်ပြကြသည်။
ယခုအခါ သူသည်သူ၏ဇနီး ပညာသင်လျက်ရှိသော သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီး တရုတ်နိုင်ငံသို့ပြန်ပါက အသတ်ခံရမည်ကို စိုးရိမ်သည်ဟုဆိုကာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခြင်းဖြစ်သည်။
မစ္စတာဝမ်၏အချက်အလက်များနှင့် ၎င်းပြောပြသည့် တရုတ်သူလျှိုလုပ်ငန်းနှင့်ပတ်သက်သော စွပ်စွဲချက်များကိုမူ တရားဝင် အတည်ပြုခြင်းမရှိသေးပေ။
သို့ရာတွင် မစ္စတာဝမ်၏ အမှုကိုယခုအခါ သက်ဆိုင်ရာဥပဒေရေးရာ အဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် မစ္စတာဝမ်၏စွပ်စွဲမှုများမှာ အလွန်ထိတ်လန့်စရာကောင်းကြောင်း သြစတြေးလျအစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားသည်။
မစ္စတာဝမ်သည် စာမျက်နှာ ၁၇ မျက်နှာခန့်ရှိသော အဆိုပြုချက်တစ်ရပ်ကို သြစတြေးလျလုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့အစည်းထံ အောက်တိုဘာလအတွင်းက တင်ပြခဲ့ပြီး ယင်းအဆိုပြုချက်တွင် သူထမ်းဆောင်ရသော သူလျှိုအလုပ်အကြောင်း၊ အကြီးတန်းထောက်လှမ်းရေး အရာရှိများ၏ အမည်များနှင့် ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်ပုံများ ပါဝင်သည်ဟု သတင်းထွက်လျက်ရှိသည်။
မစ္စတာဝမ်က သူသည် တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ကာ ထိုင်ဝမ်သို့ဝင်ရောက်ပြီး ရွေးကောက်ပွဲများတွင် ကြားဝင်စွက်ဖက်နိုင်ရန် လုပ်ဆောင်ခဲ့ရပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို တန်ပြန်ရန် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသောကုမ္ပဏီတစ်ခုနှင့်တွဲ၍ လုပ်ဆောင်ခဲ့ရကြောင်း ပြောကြားထားသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်းက ဟောင်ကောင်ရှိ စာအုပ်ထုတ်ဝေသူ ၅ ဦးကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထိန်းသိမ်းရာတွင် လူကိုင်တိုင်ပါဝင်ခဲ့ရသည်ဟုလည်း မစ္စတာဝမ်က ပြောကြားထားကြောင်း Sydney Morning Tribute သတင်းစာကဖော်ပြခဲ့သည်။
အဆိုပါ ပြန်ပေးဆွဲဖမ်းဆီးထိန်းသိမ်းမှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း တရုတ်က အမြဲတမ်းငြင်းဆန်ခဲ့သည်။
ထိုင်ဝမ်နှင့် သြစတြေးလျနိုင်ငံရေးတွင် ကြားဝင်စွက်ဖက်ကာ လွှမ်းမိုးနိုင်ရန် ၎င်းတို့သူလျှိုအဖွဲ့များ၏ လုပ်ဆောင်ပုံများနှင့် ငွေကြေးထောက်ပံ့သည့်နည်းလမ်းများကို ဝမ်ကဖွင့်ချကြောင်းလည်း Age သတင်းစာ၏ဖော်ပြချက်အရ သိရသည်။