တရုတ်စိတ်တိုင်းကျကျင်းပသည့် ဟောင်ကောင်ရွေးကောက်ပွဲတွင် တရုတ်လိုလားသူများ သောင်ပြိုကမ်းပြို အနိုင်ရ

ဒီမိုကရေစီလိုလားသူများအား အကျဉ်းချခြင်း၊ ရာထူးနှင့် မသင့်တော်ဟု ယူဆသူများအား ရွေးကောက်ပွဲမှ ဖယ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် ကျင်းပခဲ့သည့် ဟောင်ကောင် ရွေးကောက်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ သြဇာခံ ကိုယ်စားလှယ်လောင်းများ သောင်ပြိုကမ်းပြို  အနိုင်ရရှိခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

21 Dec 2021

(ဓာတ်ပုံ - AP)

ဒီဇင်ဘာ ၂၁ ၊DMG

ဒီမိုကရေစီလိုလားသူများအား အကျဉ်းချခြင်း၊ ရာထူးနှင့် မသင့်တော်ဟု ယူဆသူများအား ရွေးကောက်ပွဲမှ ဖယ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် ကျင်းပခဲ့သည့် ဟောင်ကောင် ရွေးကောက်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ သြဇာခံ ကိုယ်စားလှယ်လောင်းများ သောင်ပြိုကမ်းပြို  အနိုင်ရရှိခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘေကျင်းကိုထောက်ခံသည့် “မျိုးချစ်” များသာ ဟောင်ကောင်ကို အုပ်ချုပ်ခွင့်ရအောင် ဥပဒေများဖြင့် ဖန်တီးပြောင်းလဲပြီးနောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် တရုတ်ကို လိုလားသည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်နေရာ အများစုကို အနိုင်ရရှိခဲ့ကြသည်။

တနင်္ဂနွေနေ့က ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲလာပေးသူ အရေအတွက်သည် ၃၀.၂ ရာခိုင်နှုန်းသာရှိပြီး ဟောင်ကောင်အား ဗြိတိသျှတို့က တရုတ်လက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် မဲလာပေးသူ အနည်းဆုံး ရာခိုင်နှုန်းလည်း ဖြစ်သည်။

သို့သော်လည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကမူ မဲပေးရန်စာရင်း ပေးထားသူ အရေအတွက်သည် ၉၂.၅ ရာခိုင်နှုန်းအထိ ရှိပြီး မိမိအနေဖြင့် ရွေးကောက်ပွဲအပေါ် “အားရကျေနပ်” ကြောင်း တနင်္လာနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လန်ဒန်အခြေစိုက် နေသန်လော အပါအဝင် ပြည်ပမှ ဒီမိုကရေစီအရေး လှုပ်ရှားသူအချို့က ယခုရွေးကောက်ပွဲသည် ဒီမိုကရေစီမဆန်သဖြင့် သပိတ်မှောက်ကြရန် တိုက်တွန်းထားသည်။
အသစ်ပြဌာန်းထားသည့် ဥပဒေများအရ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်စည်းရုံးမှု၊ ဘောင်မဝင်သည့် မဲပေးမှုများ ပြုလုပ်သူကို ဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ ၂ သိန်း (ကန်ဒေါ်လာ ၂၆၅၀၀) နှင့် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးနိုင်သည်။

မဲပေးရန်စာရင်းတင်သူ ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သည့် ၂၀၁၂ နှင့် ၂၀၁၆ ရွေးကောက်ပွဲများနှင့် ယှဉ်ပါက စံချိန်တင် မြင့်တက်ခဲ့ခြင်းဟု ကယ်ရီလမ်းက ပြောသည်။

“မဲပေးဖို့ စာရင်းပေးထားပြီးမှ မဲပေးမယ် မပေးဘူး ဆုံးဖြတ်တာကတော့ သူတို့အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်” ဟုလည်း သူမက ဆိုသည်။

“ဒီစနစ်က အသစ်ဖြစ်ပြီး ကျွန်မတို့ကတော့ မျိုးချစ်တွေရဲ့ ဟောင်ကောင်ကိုအုပ်ချုပ်မှုလို့ ခေါ်ပါတယ်” ဟု တရုတ်လိုလားသူ အနိုင်ရကိုယ်စားလှယ် စတာရီလီက ပြောသည်။
“ရှေ့က ရွေးကောက်ပွဲတွေနဲ့ မတူတဲ့အတွက် တိုက်ရိုက် နှိုင်းယှဉ်လို့တော့ မရနိုင်ဘူး။ စနစ်ကလည်း အသစ်ဖြစ်တဲ့အတွက် လူထုအနေနဲ့ အသားကျဖို့ အချိန်ယူရပါလိမ့်မယ်” ဟုလည်း သူမက ပြောသည်။

ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ အများစုကို တရုတ်ပြည်မ လိုလားသည့် အဖွဲ့အစည်းများက သေသေချာချာ ရွေးချယ်ထားခြင်း ဖြစ်သည်။ ကိုယ်စားလှယ်လောင်း အားလုံးကိုလည်း တရုတ်လိုလားသည့် ကော်မတီက စိစစ်ပြီးမှ ဝင်ပြိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။