- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
တရုတ်နှင့်ရုရှား ပူးပေါင်းပြီး လကမ္ဘာပေါ်၌ သုတေသနစခန်း ဆောက်မည်
လကမ္ဘာပေါ်၌ သုတေသနစခန်းတစ်ခု ပူးပေါင်းဆောက်လုပ်မည့် သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့်ရုရှားတို့ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီ အရာရှိများထံမှ သိရသည်ဟု ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Jan 2022
DMG ၊ ဇန်နဝါရီ ၂၉
လကမ္ဘာပေါ်၌ သုတေသနစခန်းတစ်ခု ပူးပေါင်းဆောက်လုပ်မည့် သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့်ရုရှားတို့ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီ အရာရှိများထံမှ သိရသည်ဟု ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသုတေသနစခန်းအတွက် အခြေခံအဆောက်အဦများ ဆောက်လုပ်မှုကို ၂၀၃၅ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် နှစ်နိုင်ငံလုံးက ရည်မှန်းထားကြောင်း တရုတ်အမျိုးသား အာကာသကွပ်ကဲရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဝူယန်ဟွာက ဘေကျင်းတွင်ပြုလုပ်သည့် သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အခြေခံအဆောက်အဦ ဆောက်လုပ်မှုတွင် စွမ်းအင်စနစ်၊ ဆက်သွယ်ရေးနှင့် နေထိုင်မှုဆိုင်ရာ အထောက်အပံ့များ ပါဝင်မည်ဟု ဝူကပြောသည်။
တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး လကမ္ဘာသို့ လေ့လာရေးစက် စေလွှတ်မည့် စီမံကိန်းဖြစ်သော Chang’e 7 ကိုလည်း ၂၀၂၅ ဝန်းကျင်ခန့်တွင် အပြီးဆောင်ရွက်ပြီး စေလွှတ်မည်ဟု တရုတ် လကမ္ဘာလေ့လာရေးနှင့် အာကာသစက်မှုသိပ္ပံ အုပ်ချုပ်ရေးမှူး လျူကျီကျန်းက ပြောကြားသည်။
နှစ်နိုင်ငံ ပူးပေါင်းစီမံကိန်းအတွက် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း တရုတ်အရာရှိများက ဆိုသည်။
“နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ကြိုဆိုလျက်ပါ” ဟု ဝူယန်ဟွာက ပြောကြားသည်။
တရုတ်နှင့် ရုရှားတို့သည် လက်ရှိ ကမ္ဘာ့အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်နေကြသော လကမ္ဘာလေ့လာရေး အားပြိုင်မှုတွင် နှစ်နိုင်ငံပူးပေါင်းပြီး ပါဝင်လာခြင်းလည်း ဖြစ်သည်။
ယခုကြေညာချက်များသည် နှစ်နိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအနက် နောက်ဆုံး လုပ်ဆောင်ချက်များ ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်သီတင်းပတ်၌ ဘေကျင်းတွင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်မည်ဟု ယူဆရကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြထားသည်။
တရုတ်တို့အနေဖြင့် လကမ္ဘာကို ပထမဆုံးအကြိမ်အဖြစ် ၂၀၃၀ ခုနှစ်တွင် အာကာသယာဉ်မှူးများ စေလွှတ်နိုင်မည် ဖြစ်ကြောင်း တရုတ်၏ ပထမဆုံး လကမ္ဘာစီမံကိန်းမှ ဒီဇိုင်းဌာနအကြီးအကဲ ဖြစ်သော ရဲ့ပေ့ကျန်က နိုင်ငံပိုင်ရုပ်သံသို့ ဖြေကြားထားသည်။
တရုတ်က လကမ္ဘာသို့ နောက်ဆုံးစေလွှတ်ခဲ့သည်မှာ Chang’e 5 လေ့လာရေးယာဉ်ဖြစ်ပြီး ပြီးခဲ့သောနှစ်တွင် လပေါ်မှနမူနာမြေသားများ ရယူပြီး ကမ္ဘာသို့ ပြန်လည်ဆင်းသက်ခဲ့သည်။