- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
တရုတ်စစ်တပ် နျူကလီးယားထိပ်ဖူး ၅၀၀ ကျော် ပိုင်ဆိုင်ထားပြီဟု အမေရိကန်ပြော
တရုတ်သည် အသုံးပြုရန် အသင့်ရှိနေသည့် နျူကလီးယားထိပ်ဖူး ၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး ၂၀၃၀ အရောက်တွင် အဆိုပါအရေအတွက်သည် ၁၀၀၀ ကျော်အထိ တိုးလာနိုင်သည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။ အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သည့် တရုတ်စစ်ဘက်ရေးရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
20 Oct 2023

DMG ၊ အောက်တိုဘာ ၂၀
တရုတ်သည် အသုံးပြုရန် အသင့်ရှိနေသည့် နျူကလီးယားထိပ်ဖူး ၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး ၂၀၃၀ အရောက်တွင် အဆိုပါအရေအတွက်သည် ၁၀၀၀ ကျော်အထိ တိုးလာနိုင်သည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။ အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သည့် တရုတ်စစ်ဘက်ရေးရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
ရှေ့ကထုတ်ခဲ့သည့် အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ်တွင် ဘေဂျင်းပိုင်ဆိုင်ထားသော နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၄၀၀ ခန့်ရှိမည်ဟု ပင်တဂွန်က ခန့်မှန်းခဲ့သည်။ ယခုအစီရင်ခံစာ၌ ၂၀၂၃ မေလအထိ ပိုင်ဆိုင်ထားသော ထိပ်ဖူးအရေအတွက် ၅၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
သို့သော်လည်း တရုတ်၏ရှေ့တွင် အမေရိကန်နှင့် ရုရှားတို့ ရှိနေဆဲဖြစ်သည်။ အမေရိကန်သည် နျူကလီးယားထိပ်ဖူး ၃၇၀၀ အထိပိုင်ဆိုင်ထားပြီး ၎င်းတို့အနက် ဗျူဟာမြောက်ထိပ်ဖူး ၁၄၁၉ ခန့်ကို အသင့်အနေအထားဖြင့် ဖြန့်ကြက်နေရာချထားသည်။ ရုရှားသည် အရေအတွက် ၄၄၈၉ အထိပိုင်ဆိုင်ထားပြီး ၁၅၅၀ ခန့်ကို အသင့်အနေအထားဖြင့် အသုံးပြုရန် နေရာချထားသည်ဟု အမေရိကန် သိပ္ပံပညာရှင်များအသင်း (Federation of American Scientists) ၏ ပြောကြားချက်အရ သိရသည်။
“PRC (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ဟာ သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့အင်အားကို မြန်မြန်ဆန်ဆန်နဲ့ အမျိုးအစားစုံ တိုးချဲ့နေတာ တွေ့ရပါတယ်” ဟု ပင်တဂွန်အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် အကြီးအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။
“သူတို့အခု လုပ်နေတဲ့ နှုန်းထားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သူတို့ လုပ်နေခဲ့တာနဲ့ ယှဉ်ရင် တကယ့်ကို မြန်မြန်ဆန်ဆန် လုပ်နေတာ ဖြစ်ပါတယ်” ဟုလည်း သူကပြောသည်။
တရုတ်ရေတပ်သည် ယမန်နှစ်က သင်္ဘောအစင်း ၃၄၀ ရှိခဲ့ရာမှ ယခုနှစ်တွင် သင်္ဘောနှင့် ရေငုပ်သင်္ဘောစုစုပေါင်း အစင်း ၃၇၀ အထိရှိလာသည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
တရုတ်သည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားသည်။ ရေတပ်အင်အား တိုးချဲ့ရေးသည် သမ္မတရှီကျင့်ဖျင်၏ ဒေသတွင်းစစ်ရေးအင်အားကြီး ဖြစ်ရေး ရည်မှန်းချက်၏ အဓိကအချက်အချာလည်း ဖြစ်သည်။