အူဂါအရေးနှင့်ပတ်သက်၍ တရုတ်အရာရှိများအား အမေရိကန်က ဗီဇာကန့်သတ်မည်

မွတ်ဆလင်များအား လူဦးရေထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် ပါဝင်နေသည့် တရုတ်အရာရှိများအပေါ် ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟု အမေရိကန်က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

By Foreign Desk 10 Oct 2019

ဓာတ်ပုံ - Getty Images

မွတ်ဆလင်များအား လူဦးရေထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် ပါဝင်နေသည့် တရုတ်အရာရှိများအပေါ် ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟု အမေရိကန်က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရှင်ကျန်းဒေသတွင် ဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု တရုတ်အဖွဲ့အစည်း ၂၈ ဖွဲ့အား စွပ်စွဲကာ ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းရန် တနင်္လာနေ့က ဆုံးဖြတ်ပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အမေရိကန် Secretary of State မိုက်ပွန်ပီယိုက တရုတ်အစိုးရသည် မတရားဖိနှိပ်မှုများကို စနစ်တကျဆောင်ရွက်နေကြောင်း ပြောကြားလိုက်ပြီး တရုတ်ကမူ အဆိုပါစွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ငြင်းပယ်လိုက်သည်။

အူဂါလူမျိုးများ၊ ကာဇက်လူမျိုးများ၊ ကာဂျစ်မူဆလင်များနှင့် တခြား မွတ်ဆလင်လူနည်းစုများအပေါ် တရုတ်အစိုးရသည် ဥပဒေချိုးဖောက်မှုများ ဆောင်ရွက်နေကြောင်း မစ္စတာပွန်ပီယိုက ထုတ်ပြန်ချက်တစ်ခုတွင် စွပ်စွဲထားသည်။

မစ္စတာပွန်ပီယို စွပ်စွဲထားသော ဥပဒေချိုးဖောက်မှုများတွင် နေရာအနှံ့အပြားရှိ ထိန်းသိမ်းရေးစခန်းများတွင် လူအများအပြား အကျဉ်းချထားခြင်း၊ အဆင့်မြင့်နည်းပညာများ အသုံးပြုကာ စောင့်ကြည့်ခြင်း၊ ယဉ်ကျေးမှုများနှင့် ဘာသာရေး စရိုက်လက္ခဏာများ ဖော်ထုတ်ခွင့်အပေါ် ပြင်းထန်သော ထိန်းချုပ်မှုများ ဆောင်ရွက်နေခြင်းနှင့် ပြည်ပရောက်နေသူများအား အကျပ်ကိုင်ကာ ပြည်တွင်းသို့ပြန်လာစေပြီး ပြန်လာသူများသည်လည်း အန္တရာယ်ကြီးမားသည့် အနေအထားနှင့် ရင်ဆိုင်ရခြင်းတို့ပါဝင်သည်။  

တရုတ်ကမူ အမေရိကန်၏ လုပ်ဆောင်ချက်များအပေါ် ခါးခါးသီးသီး ငြင်းပယ်လိုက်သည်။

“အမေရိကန်ကစွပ်စွဲနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတာမျိုးတွေ မရှိပါဘူး” တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရွှန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“ဒါတွေဟာ တရုတ်ပြည်တွင်းရေးမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက်ရအောင် လုပ်ဆောင်နေတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ၊ ဒီထက်မပိုဘူး” ဟူ သူကဆိုသည်။

ဗီဇာကန့်သတ်မှုများကို တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီ အရာရှိများ အပါအဝင် ၎င်းတို့၏မိသားစုဝင်များ အပေါ်တွင်ပါ ဆောင်ရွက်သွားမည်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့အကြား လက်ရှိအချိန်၌ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်နေကာ ဆက်ဆံရေးတင်းမာလျက်ရှိပြီး ၎င်းအရေးနှင့် ပတ်သက်၍ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ယခုအပတ်အတွင်း ဝါရှင်တန်သို့ လာရောက်ဆွေးနွေးမည်ဖြစ်သည်။