အမေရိကန်နှင့် ရုရှားတို့ အပုံလိုက်သိုလှောင်ထားသော နျူလက်နက်များကို လျှော့ချရမည်ဟု တရုတ်ပြော

တရုတ်သည် ၎င်း၏ နျူကလီးယား လက်နက်များအား ခေတ်မီဆန်းသစ်မှုကို ဆက်လက်လုပ်ဆောင် သွားမည်ဟု အင်္ဂါနေ့က ပြောကြားခဲ့ပြီး အမေရိကန်နှင့် ရုရှားတို့ အနေဖြင့်လည်း အပုံလိုက်သိမ်းထားသော နျူကလီးယား လက်နက်များအား လျော့ချကြရန် တောင်းဆိုလိုက်သည်။ နျူလက်နက်များ မပြန့်ပွားအောင် တားဆီးရေးအတွက် ကမ္ဘာ့ အင်အားကြီးနိုင်ငံများက ကတိကဝတ်ပြုပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

By DMG 06 Jan 2022

ဓာတ်ပုံ - AFP

အရှေ့နှင့်အနောက် တင်းမာမှုများ မြင့်တက်နေသည့် ကြားမှ ဖြစ်တောင့်ဖြစ်ခဲ ပူးပေါင်းကြေညာချက် တစ်ခုတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် အဏုမြူလက်နက်များ ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာစေရေးနှင့် နျူကလီးယား ပဋိပက္ခများအား ရှောင်ရှားရေးကို ၎င်းတို့၏ပန်းတိုင်အဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် အမေရိကန်က ဂျပန်နိုင်ငံကို ဗုံးကြဲရာတွင် ပထမဆုံး အနေဖြင့်သာ အသုံးပြုရသေးသော ထိုကဲ့သို့သော အဏုမြူလက်နက်များ အနာဂါတ်တွင် အပြည့်အဝ ဖျက်သိမ်းရေးကိုလည်း အဆိုပါ နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီး ၅နိုင်ငံက ကတိကဝတ်ပြုခဲ့ကြသည်။

ပြီးခဲ့သောအင်္ဂါနေ့တွင် တရုတ်က ၎င်း၏ နျူကလီးယားလက်နက်များဆိုင်ရာ မူဝါဒများ အပေါ်တွင် ကာကွယ်ပြောဆိုခဲ့ပြီး ကမ္ဘာ့ နျူကလီးယားအင်အား အကြီးဆုံး နိုင်ငံများ ဖြစ်ကြသည့် ရုရှားနှင့် အမေရိကန်တို့က လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကနဦး လုပ်ဆောင်ကြသင့်သည်ဟု လည်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်ရှိ နျူကလီးယားထိပ်ဖူး အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ လက်နက်ထိန်းချုပ်ရေးဆိုင်ရာဌာန၏ အထွေထွေဥက္ကဋ္ဌ ဖူချုံက သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းတို့၏ အဏုမြူလက်နက်များကို ပြန်လည်အသုံးပြု၍ မရနိုင်သော အခြေအနေသို့ တရားဝင် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လျော့ချကြရမည် ဟုလည်း သူက ပြောကြားသည်။

အမေရိကန်က တရုတ်သည် ၎င်း၏ နျူကလီးယားလက်နက်များကို တိုးချဲ့လျက်ရှိပြီး ၂၀၂၇ ခုနှစ်တွင် နျူကလီးယားထိပ်ဖူးပေါင်း ရ၀၀ နှင့် ၂၀၃၀ ခုနှစ်တွင် ၁၀၀၀ အထိ တိုးလာနိုင်ခြေ ရှိနေသည်ဟု ပြောကြားထားသည်။

အထွေထွေဥက္ကဋ္ဌ ဖူချုံကမူ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားစွမ်းရည်များကို သိသိသာသာ တိုးချဲ့လျက်ရှိသည်ဟူသော အမေရိကန်၏ ပြောဆိုချက်ကို ငြင်းဆိုခဲ့သည်။