ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ချက်ချင်းလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ယခုချက်ချင်း လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ကြောင်း ကုလ ပြောခွင့်ရတစ်ဦးက ပြောကြားလိုက်သည်။

02 Jul 2021

ဓာတ်ပုံ -Reuters

DMG ၊ ဇူလိုင် ၂

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ယခုချက်ချင်း လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ကြောင်း ကုလ ပြောခွင့်ရတစ်ဦးက ပြောကြားလိုက်သည်။

“သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တစ်ဘက်သတ် ထိန်းသိမ်းခံထားရသူတွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို ကျွန်တော်တို့ ထပ်မံပြောကြားလိုပါတယ်” ဟု  အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ အယ်ရီကာနီကိုက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားသည်။န

မြန်မာနိုင်ငံတွင် ဇွန်လ ၃၀ ရက်နေ့က အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်ခဲ့ရာ သတင်းထောက်များနှင့် ဆန္ဒပြသမားများလည်း ပါဝင်ခဲ့သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် မြန်မာစစ်တပ်ကို ဆန့်ကျင်သူ အများအပြားမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တစ်ဘက်သတ် ဖမ်းဆီးမှုတွေနဲ့အတူ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေခြင်းအပေါ် အထူးစိုးရိမ်နေဆဲ” ဟု ကာနီကိုက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ အာဏာရယူခဲ့သည်။ ပြီးခဲ့သော ငါးလတာအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း ၈၈၅ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖမ်းဆီးခံထားရသူ ၅၁၉၅ ဦးရှိပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၂၃၃ ဦး၊ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၀ ဦးရှိကြောင်း အေအေပီပီက ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။