တရုတ်ပြည်၌ ၂၀၂၁ ခုနှစ်တွင် မွေးဖွားနှုန်း စံချိန်တင်ကျဆင်း

တရုတ်ပြည်မကြီး၏ ကလေးမွေးဖွားမှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်ကျဆင်းခဲ့ကြောင်း တနင်္လာနေ့က ဖော်ပြခဲ့သော အချက်အလက်များအရ သိရသည်။ တရုတ်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည့်အတွက် လွန်ခဲ့သောနှစ်ကစ၍ တရုတ်အစိုးရက စုံတွဲများအား ကလေး ၃ ဦးအထိ ကလေးယူခွင့်ပြုခဲ့သော်လည်း အပြောင်းအလဲမရှိဘဲ ဆက်လက် ကျဆင်းနေခြင်း ဖြစ်သည်။

18 Jan 2022

DMG ၊ ဇန်နဝါရီ ၁၈

တရုတ်ပြည်မကြီး၏ ကလေးမွေးဖွားမှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်ကျဆင်းခဲ့ကြောင်း တနင်္လာနေ့က ဖော်ပြခဲ့သော အချက်အလက်များအရ သိရသည်။ တရုတ်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည့်အတွက် လွန်ခဲ့သောနှစ်ကစ၍ တရုတ်အစိုးရက စုံတွဲများအား ကလေး ၃ ဦးအထိ ကလေးယူခွင့်ပြုခဲ့သော်လည်း အပြောင်းအလဲမရှိဘဲ ဆက်လက် ကျဆင်းနေခြင်း ဖြစ်သည်။

တရုတ်ပြည်၌ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်နှုန်းသာ ယူခွင့်ပြုသည့် စနစ်ကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာခြင်းကြောင့် စီးပွားရေးဆိုင်ရာ အန္တရာယ်ရှိလာနိုင်သည့် ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် ကလေးနှစ်ဦးအထိ ယူခွင့်ပြုရန် သတ်မှတ်ပေးခဲ့သော်လည်း မြို့ပြ၏ နေထိုင်မှုစရိတ်ကြီးမြင့်ခြင်းက စုံတွဲများအား ကလေးထပ်မံယူခြင်းကို ဟန့်တားလျက်ရှိသည်။

အမျိုးသား စာရင်းအင်းဗျုရို၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် လူ ၁၀၀၀ ဦးလျှင် ကလေး ရ.၅၂ ဦးသာ မွေးဖွားနှုန်းရှိခဲ့သည်။ ဤနှုန်းထားသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်နေသောကြောင့် ကလေးမွေးဖွားမှုကို ပိုမိုအားပေးရန်အတွက် တာဝန်ရှိသူများအပေါ်တွင် ဖိအားပိုမိုလာခဲ့သည်။

အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပုံမှန်လူဦးရေတိုးပွားနှုန်းသည် ပြောင်းရွှေ့အခြေချသူများ ကိုပါ ထည့်တွက်ပါက ၂၀၂၁ ခုနှစ်တွင် ဝ.၀၃၄ ရာခိုင်နှုန်းသာ ရှိပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်သည်။

ပြီးခဲ့သောနှစ်ကစ၍ တရုတ်ပြည်တွင် စုံတွဲများကို ကလေး ၃ ဦးအထိ မွေးခွင့်ပြုခဲ့သည်။ ကလေးများကို ပြုစုပျိုးထောင်ရာ၌ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးနိုင်ရန် အတွက် မူဝါဒအသစ်များချမှတ်ခဲ့ရာ ကြီးမားသောဈေးကွက်တစ်ခုဖြစ်သည့် ကျောင်းစာအား အခကြေးငွေဖြင့် ကျူရှင်ပြန်သင်ခြင်းကို ပိတ်ပင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

တရုတ်ပြည်၌ အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသည့် လူဦးရေသည် ကျဆင်းလျက်ရှိပြီး သက်ကြီးရွယ်အိုများ တိုးပွားလာသောနိုင်ငံအတွက် နိုင်ငံ၏ငွေကြေးနှင့် ပြုစုစောင့်ရှောက်နိုင်မှု အပေါ်တွင် ဖိအားများပိုမိုများပြားလာနေသည်။ ၂၀၂၀ ခုနှစ်တွင် နိုင်ငံ၏ ကလေးမွေးဖွားမှုသည် ၁၂ သန်းရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ၁၀.၆၂ သန်းသာ ရှိခဲ့သည်ဟု ၂ နှစ်တာနှိုင်းယှဉ်ချက်များအရ သိရသည်။