ဟက်ဇဘိုလာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သြစတြေးလျ သတ်မှတ်

ဟက်ဇဘိုလာအဖွဲ့ခွဲအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သြစတြေးလျနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် သတ်မှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

24 Nov 2021

ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၂၄

ဟက်ဇဘိုလာအဖွဲ့ခွဲအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သြစတြေးလျနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် သတ်မှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ဘနွန်နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ အင်အား ဖြန့်ကြက်ထားသော ဟက်ဇဘိုလာအဖွဲ့၏ လက်နက်ကိုင်အဖွဲ့ခွဲအပေါ် အရေးယူမှုများအား ဆက်လက်အတည်ပြုပြီး ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

တီဟီရန်ထောက်ပံ့ထားသည့် ရှီးယိုက်မွတ်ဆလင်အုပ်စုဖြစ်သော ဟက်ဇဘိုလာသည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ခြိမ်းခြောက်မှုများ ရှိလာသလို အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အထောက်အပံ့များ ပေးအပ်နေသဖြင့် သြစတြေးလျအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေကြောင်း သြစတြေးလျပြည်ထဲရေးဝန်ကြီး ကယ်ရင်အင်ဒရူးက ပြောကြားသည်။

ဟက်ဇဘိုလာသည် နိုင်ငံရေးအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့အဖြစ် နှစ်ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး လက်ဘနွန်နိုင်ငံ၌ ပြည်တွင်းစစ် အဆုံးသတ်ခဲ့သည့် ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် တစ်ခုတည်းသော လက်နက်မဖျက်သိမ်းဘဲ ကျန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

ဟက်ဇဘိုလာတို့၏ လှုပ်ရှားမှုသည် လက်ဘနွန်နိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိနေသည်။ ဟက်ဇဘိုလာတို့သည် ဆီးရီးယားပြည်တွင်းစစ်၌ သမ္မတ ဘာရှားအယ်လ်အာဆက်၏ စစ်အုပ်ချုပ်ရေးကို ကူညီထောက်ပံ့ရန် တိုက်ခိုက်ရေးသမား ထောင်နှင့်ချီ စေလွှတ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ဟက်ဇဘိုလာအဖွဲ့သည် ၂၀၀၅ ခုနှစ်က ဝန်ကြီးချုပ် ရာဖစ်ဟာရီရီ သတ်ဖြတ်ခံရခြင်းနှင့် ၂၀၂၀ ဘေရွတ်ကမ်းခြေပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးများကို နှောင့်ယှက်ပိတ်ပင်ခြင်းများ ဆောင်ရွက်နေကြောင်း ဝေဖန်ရေးသမားများက စွပ်စွဲထားသည်။

ကြီးမားသည့် လက်ဘနွန်အသိုင်းအဝိုင်း တစ်ရပ်ရှိသည့် သြစတြေးလျတွင် ယခုသတ်မှတ်လိုက်သည့် ပိတ်ပင်မှုအရ ဟက်ဇဘိုလာအဖွဲ့ဝင်ခြင်း၊ အဖွဲ့အတွက် ရန်ပုံငွေထောက်ပံခြင်းကဲ့သို့ ကိစ္စရပ်များကို သြစတြေးလျနိုင်ငံအတွင်း၌ ပြုလုပ်ခွင့် ရှိတော့မည် မဟုတ်ပေ။