တရုတ်က အမေရိကန်ကို ဟောင်ကောင်အရေးနှင့်ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်မှုများ ချမှတ်မည်

ဟောင်ကောင်သို့ အမေရိကန် ရေတပ်သင်္ဘောများနှင့် လေယာဉ်များအလည်အပတ်လာခွင့်ကို ဆိုင်းငံ့ပြီး အမေရိကန် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအဖွဲ့များကိုလည်း ကန့်သတ်ပိတ်ပင်သွားမည်ဟု တရုတ်အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း Bangkok Post တွင် ဖော်ပြထားသည်။

By Foreign Desk 03 Dec 2019

နေ့လယ်စာစားချိန်ဆန္ဒပြပွဲဆင်နွှဲနေသည့် အစိုးရဆန့်ကျင်ရေး ဟောင်ကောင်ဆန္ဒပြသမားများကို တနင်္လာနေ့က ချာတာဥယျာဉ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထောက်ခံသည့် ဥပဒေတစ်ရပ် အမေရိကန်တို့ကပြဋ္ဌာန်းရန် လက်မှတ်ရေးထိုးခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အာဏာပိုင်များက ထိုကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကန့်သတ်ပိတ်ပင်မှုများ၏ သဘောသဘာဝနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန်တို့ အနေဖြင့် ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဥပဒေကို အတည်ပြုခဲ့ပါက ပြန်လည်ပေးဆပ်ရမှုများ ရှိလာမည်ဟု တရုတ်တို့က ခြိမ်းခြောက်သတိပေးခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုများချမှတ်မည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"အမေရိကန်တို့ရဲ့ မလျော်ကန်တဲ့အပြုအမူအတွက် တုံ့ပြန်ရခြင်းဖြစ်တယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရအမျိုးသမီး ဟွာချွမ်းယင် ကပြောကြားခဲ့ပြီး အမေရိကန်တို့၏ အဆိုပါဥပဒေမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် ဝင်ရောက်စွပ်ဖက်ခြင်းဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့သော ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဥပဒေတွင် လူ့အခွင့်အရေးချိုးဖောက်သော ဟောင်ကောင်နှင့် တရုတ်အရာရှိများကို ကန့်သတ်ပိတ်ပင်မှုများ ချမှတ်နိုင်ခွင့်နှင့် အမေရိကန်အစိုးရက ဟောင်ကောင်အတွက်ပေးထားသော ကုန်သွယ်ရေးခံစားခွင့်များကို တစ်နှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်ရန်တို့ ပါဝင်သည်။

အဆိုပါဥပဒေကို ဟောင်ကောင်ဆန္ဒပြသမားများဘက်မှ ရပ်တည်ပြီး အင်အားသုံးဖြိုခွင်းသည့် ရဲများ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ထားသော အမေရိကန်လွှတ်တော်အမတ်များက ထောက်ခံပေးခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်ရဲများကမူ ဆန္ဒပြသမားများ၏ ဆူပူ၊အကြမ်းဖက်သည့်လုပ်ရပ်များကြောင့် မျက်ရည်ယိုဗုံး၊ ရာဘာကျည် တို့ အပါအဝင် အင်အားသုံးဖြိုခွင်းသည့် နည်းလမ်းများကို အသုံးပြုခဲ့ရခြင်းဖြစ်သည်ဟု ဖြေရှင်းထားသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြပွဲများမရပ်မနားဖြစ်ပေါ်နေခဲ့သည်မှာ ၆ လခန့်ပင် ရှိပြီဖြစ်သည်။ ဟောင်ကောင်ဆန္ဒပြသမားများနှင့် အခြားဟောင်ကောင်ပြည်သူများသည် တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒအောက်တွင် တရုတ်အစိုးရထံမှ၎င်းတို့ရရှိထားသော အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို တရုတ်တို့က ပြန်လည်ရုတ်သိမ်းသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ဟောင်ကောင်အရေးနှင့်ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်မှုချမှတ်သွားမည့် အဖွဲ့အစည်းများထဲတွင် National Endowment for Democracy ၊ the National Democratic Institute for International Affairs ၊ Human Rights Watch ၊ the International Republican Institute ၊ Freedom House နှင့် အခြားအဖွဲ့အစည်းများပါဝင်ကြောင်း ဟွာချမ်းယင် ကပြောကြားသည်။

ထို့ပြင် " အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ရဲ့အမှားကိုပြင်ဆင်ပြီး ဟောင်ကောင်နဲ့တရုတ်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ရာရောက်တဲ့ စကားနဲ့သဘောထားမှန်သမျှကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုပါတယ်" ဟု လည်း သူမကပြောကြားခဲ့ကာ တရုတ်တို့အနေနှင့် အခြေအနေပေါ်မူတည်ပြီး လိုအပ်ပါက နောက်ထပ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။