အိန္ဒိယ နာဂလန်းပြည်နယ်တွင် စစ်တပ်က မှားယွင်းပစ်ခတ်မှုကြောင့် အရပ်သား အနည်းဆုံး ၁၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နာဂလန်းပြည်နယ်တွင် အိန္ဒိယစစ်တပ်၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတိုင်းရင်းသား အရပ်သား အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရနှင့် စစ်တပ်အရာရှိများက ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 Dec 2021

(ဓာတ်ပုံ - Getty Images)

DMG ၊ ဒီဇင်ဘာ ၆

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နာဂလန်းပြည်နယ်တွင် အိန္ဒိယစစ်တပ်၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတိုင်းရင်းသား အရပ်သား အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရနှင့် စစ်တပ်အရာရှိများက ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနယ်စပ် မွန်ခရိုင်၊ အိုတင်းကျေးရွာအနီးတစ်ဝိုက်တွင် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး ဆောင်ရွက်စဉ် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စနေနေ့ညဉ့်ကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်တွင် အရပ်သားများ သေဆုံးရသည့်သတင်းကြောင့် မချိတင်ကဲဖြစ်ရကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာက ပြောကြားသည်။

ကျောက်မီးသွေးတွင်း အလုပ်သမား ၃၀ ကျော်ပါဝင်သည့် ထရပ်ကားတစ်စီး အာသံရိုင်ဖယ်တပ်စခန်း ချထားသည့်နေရာမှ ဖြတ်သန်းသွားသည်ကို စစ်တပ်က သူပုန်နှင့် မှားပြီး ပစ်ခတ်သဖြင့် ကားပေါ်ရှိအလုပ်သမား ခြောက်ဦး သေဆုံးခဲ့သည်။

အဆိုပါသေဆုံးမှုကို မကျေနပ်သဖြင့် ရာနှင့်ချီသည့် ဒေသခံများက ရရာလက်နက် ကိုင်စွဲကာ စစ်တပ်စခန်းကို ဝိုင်းထားပြီး စစ်သုံးယာဉ်များကိုပါ မီးရှို့ခဲ့ကြသည်။

စစ်တပ်က ပြန်လည်ခုခံချိန်၌ နောက်ထပ် အရပ်သား ၈ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးပါ သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်မည်ဖြစ်သလို တရားခံကို အပြစ်ပေးမည်ဟုလည်း နာလဂန်းပြည်နယ် အုပ်ချုပ်ရေးမှူး နီဖူးရီယိုက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ပစ်ခတ်မှုအတွင်း အရပ်သား တစ်ဒါဇင်ထက်မနည်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ပါ ဒဏ်ရာရရှိခဲ့ကြသည်ဟု နယူးဒေလီအခြေစိုက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အရာရှိက ပြောကြားသည်။

အိန္ဒိယစစ်တပ်သည် သူပုန်ရှင်းလင်းရေး စစ်ဆင်ရေးများတွင် အပြစ်မဲ့ ဒေသခံများအား မှားယွင်းပစ်မှတ်ထားလေ့ရှိကြောင်း နာဂလန်းပြည်နယ်ရှိ ဒေသခံများက မကြာခဏဆိုသလို စွပ်စွဲပြောကြားမှုများရှိသည်။