အိန္ဒိယတွင် ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၆ ဦးအထိရှိလာ၊ ပြည်သူများ တည်တည်ငြိမ်ငြိမ်ရှိကြရန် ဝန်ကြီးချုပ်မိုဒီ တောင်းပန်

အိန္ဒိယနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများထဲမှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများကို နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးပေးမည့် ဥပဒေသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေသဖြင့် ပြည်သူများတည်တည်ငြိမ်ငြိမ်ရှိကြရန် ဝန်ကြီးချုပ်မိုဒီက တောင်းပန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 17 Dec 2019

ဒေလီတွင် ဘက်စ်ကားများကို မီးရှို့ဖျက်ဆီးမှုများပင် ဖြစ်ပေါ်လျက်ရှိသည်။ (ဓာတ်ပုံ - AFP)

အိန္ဒိယနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများထဲမှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများကို နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးပေးမည့် ဥပဒေသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေသဖြင့် ပြည်သူများတည်တည်ငြိမ်ငြိမ်ရှိကြရန် ဝန်ကြီးချုပ်မိုဒီက တောင်းပန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြပွဲများသည် မြို့တော်ဒေလီ၊ မွန်ဘိုင်း၊ ဟိုင်ဒါဘတ်နှင့် ကိုလ်ကာတာ(ယခင်ကာလကတ္တား) တို့တွင် ကျယ်ကျယ်ပြန့် ပြန့်ပေါ်ပေါက်လျက်ရှိသည်။

တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၅ ရက်) က ဒေလီတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားရာမှ အနည်းဆုံး လူပေါင်း ၅၀ ခန့်ဒဏ်ရာရရှိခဲ့ပြီး တနင်္လာနေ့တွင်လည်း ဆန္ဒပြပွဲများ ဆက်လက် အရှိန်မြင့်တက်နေဆဲဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်တွင် ပြီးခဲ့သောအပတ်အင်္ဂါနေ့(ဒီဇင်ဘာ ၁၀ ရက်)က စတင်ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယအရှေ့ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များသို့ ပျံ့နှံ့လာခဲ့သော ယင်းဆန္ဒပြပွဲများအတွင်း သေဆုံးသူ အရေအတွက်မှာ ၆ ဦးအထိရှိသွားပြီဖြစ်သည်။

ဆန္ဒပြသူများသည် အိန္ဒိယ၏အိမ်နီချင်း ၃ နိုင်ငံဖြစ်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့မှ မွတ်ဆလင်ဘာသာဝင်မဟုတ်သော တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို နိုင်ငံသားဖြစ်ခွင့်ပေးမည့် ဥပဒေကြမ်းကို စိတ်ဆိုးဒေါသထွက်လျက်ရှိခြင်း ဖြစ်သည်။

" ဒီဥပဒေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦးတစ်ယောက်မှ စိုးရိမ်ပူပန်စရာမရှိပါဘူး။ ဒီဥပဒေက အိန္ဒိယပြင်ပမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ညှင်းဆဲခံနေခဲ့ရပြီး အိန္ဒိယကလွဲလို့ တခြားဘယ်ကိုမှ သွားစရာမရှိတဲ့သူတွေအတွက်ပါပဲ " ဟု ဝန်ကြီးချုပ်မိုဒီက သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

သို့ရာတွင် အိန္ဒိယအာဏာပိုင်များက ဆန္ဒပြပွဲများ အရှိန်လျော့ကျစေရန် အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ထားရာ ဝန်ကြီးချုပ်၏ တွစ်တာပို့စ်ကို အိန္ဒိယနိုင်ငံသားမည်မျှခန့်က တွေ့မြင်မည်ကိုမူ သေသေချာချာ မသိရှိနိုင်ပေ။

မြို့တော်နယူးဒေလီတွင် တနင်္ဂနွေနေ့က ဆန္ဒပြအဓိကရုဏ်းများအတွင် ကျောင်းသား ၃၅ ဦးခန့်ကို ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း တနင်္လာနေ့မနက်ပိုင်းမှာ တက္ကသိုလ်များအတွင်း ဆန္ဒပြပွဲမျာ းဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်သည်။

ဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် ရဲများက လိုအပ်သည်ထက် အင်အားသုံးဖြုံးခွင်းခဲ့သည်ဟု ဆန္ဒပြသမားများဘက်မှ ဝေဖန်စွပ်စွဲမှုများရှိနေပြီး ရဲများကလည်း ဆန္ဒပြသမားများက ၎င်းတို့ကို ကျောက်တုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု ထုတ်ပြန်ထားသည်။

Related Post : အိန္ဒိယတွင် မွတ်ဆလင်ဆန့်ကျင်ရေးဥပဒေကြမ်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အရှိန်မြင့်တက်