- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အိန္ဒိယမပါဘဲ ရှေ့ဆက်တော့မည့် အာရှ၏ အလုံးစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှု
အာရှ၏ ဒေသတွင်းအလုံးစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) တွင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယတို့ပါဝင်ပြီး ဒေသတွင်း ရှိနှင့်ပြီးသား စီးပွားရေးသဘောတူညီမှုများ အားလုံးကို အလုံးစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရန် ရည်ရွယ်ထားရာ အိန္ဒိယနိုင်ငံ၏ ပူးပေါင်းပါဝင်မှု မရှိသေးခြင်းကြောင့် နှောင့်နှေးရလျက်ရှိသည်။
24 Nov 2019
စာရွက်စာတမ်းများကို ဖိုင်တစ်ခုတည်းဖြစ်အောင် ချုပ်စက်(stapler)နှင့် ချုပ်သည့်အခါ စာရွက်နည်းလျှင် လွယ်ကူသော်လည်း စာရွက်တွေအလွန်များလျှင်တော့ ချုပ်ရခက်တတ်သည်မှာ သဘာဝ ဖြစ်သည်။ အာရှ၏ ဒေသတွင်းအလုံးစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)အရေး ဆွေးနွေးမှုမှာလည်း ထိုသဘောအတိုင်း ကြုံရလျက်ရှိသည်။ RCEP သည် နိုင်ငံပေါင်း ၁၆ နိုင်ငံအထိပါဝင်ပြီး များပြားလှသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တစ်စုတစ်စည်းတည်းအဖြစ် ပေါင်စည်းရမည့်အရေးဖြစ်ရာ အလွန်များပြားလှသော စာရွက်စာတမ်းများကို တစ်ခုတည်းဖြစ်အောင် ချုပ်စက်နှင့် ချုပ်သကဲ့သို့ပင် ခက်ခဲကြာမြင့်နေခြင်းဖြစ်သည်။
RCEP တွင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယတို့ပါဝင်ပြီး ဒေသတွင်း ရှိနှင့်ပြီးသား စီးပွားရေးသဘောတူညီမှုများ အားလုံးကို အလုံးစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရန် ရည်ရွယ်ထားရာ အိန္ဒိယနိုင်ငံ၏ ပူးပေါင်းပါဝင်မှု မရှိသေးခြင်းကြောင့် နှောင့်နှေးရလျက်ရှိသည်။
ယခုတစ်ပတ် ဘန်ကောက်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ရပ်တွင်မူ ဒေသတွင်းခေါင်းဆောင်များက RCEP တွင်ပါဝင်သော နိုင်ငံပေါင်း ၁၆ နိုင်ငံထဲမှ အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်နိုင်ငံပေါင်း ၁၅ နိုင်ငံက သဘောတူညီမှုတစ်ရပ်ကို လာမည့်ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးတော့မည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။
အိန္ဒိယကမူ အဆိုပါနိုင်ငံများနှင့် ပူးပေါင်းရန် အဆင်သင့်မဖြစ်သေးဘဲ "ဂန္ဒီရဲ့လမ်းညွှန်မှု (မဟတ္တမဂန္ဒီ၏ ဓာတ်ပုံကို တိုင်တည်လျက်)၊ ကျွန်တော့်ရဲ့အသိတရားကပါ ပူးပေါင်းဖို့အတွက် ခွင့်မပြုပါဘူး" ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယရော တရုတ်ပါ အာဆီယံနှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်များ ရှိသော်လည်း ၎င်းတု့ိနှစ်နိုင်ငံကြားတွင်မူ သဘောတူညီချက် မရှိထားပေ။ တရုတ်သွင်းကုန်များအပေါ် သွင်းကုန်အခွန် လျှော့ချလိုက်ပါက အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးလိုငွေပြမှု ပို၍တိုးလာမည်ကို အိန္ဒိယနိုင်ငံသား အတော်များများက စိုးရိမ်ပူပန်လျက်ရှိသည်။ ထို့ပြင် သြစတြေးလျမှ နှံစားသီးနှံများနှင့် နယူးဇီလန်မှ နွားနို့တို့က အိန္ဒိယနိုင်ငံသား ဆင်းရဲသားလယ်သမားများထံမှ ဈေးကွက် လုယူသွားမည်ကိုလည်း ၎င်းတို့က စိုးရိမ်လျက်ရှိသည်။
ထိုစိုးရိမ်ပူပန်မှုများမှာ အစိုးရိမ်လွန်နေသည့်ဟန် ရှိသည်ဟုတော့ ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခု သဘောတူညီမှု(တရားဝင် ထုတ်ပြန်ရခြင်းမရှိသေး)တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ များစွာသဘောထားကြီးမည့်ပုံ မရသောကြောင့်ဖြစ်သည်။ ထို့ပြင်သဘောတူညီမှုတွေ ပါဝင်သော နိုင်ငံများထဲမှ ချို့တဲ့သောနိုင်ငံများကို ထုတ်ကုန်ကုန်စည်များအပေါ်တွင် သတိရှိရှိနှင့် ဖြည်းဖြည်းချင်းသာ သွင်းကုန်အခွန်ကို လျှော့ချခွင့်လည်း ပြုထားသည်။ တရုတ်နှင့်အိန္ဒိယအရာရှိများသည် အချို့သော ကုန်ပစ္စည်းများအတွက် ပြင်ဆင်ညှိနှိုင်းသည့်ကာလကို ၂၅ နှစ်အထိ ထားရှိရန်ပင် ဆွေးနွေးလျက်ရှိသည်။ ထို့ပြင်အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများ လျော့ကျစေရန်အတွက် ၎င်းနှင့် ညှိနှိုင်းလျက်ရှိသော နိုင်ငံများက အကယ်၍သွင်းကုန်များ တဟုန်ထိုးမြင့်တက်လာပါက ယင်းအပေါ်မူတည်၍ အခွန်စည်းကြပ်ခွင့်ပြုရန် ဆန္ဒရှိကြောင်းကိုလည်း သိသိသာသာ ပြသထားပြီးဖြစ်သည်။
သို့ရာတွင် ထိုသို့ညှိနှိုင်းမှုများက RCEP အပေါ် အိန္ဒိယနိုင်ငံအတွင်းမှ ခါးခါးသီးသီး ဆန့်ကျင်မှုများကိုကျော်လွှားနိုင်ရန် လုံလောက်မှုမရှိပေ။ ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် ပြည်တွင်းဈေးကွက်တွင် ပြည်ပကုန်စည်များ၏ ဝင်ရောက်ယှဉ်ပြိုင် လာမည့် အရေးစိုးရိမ်ပူပန်မှုကို ပြည်ပဈေးကွက်များသို့ ချဲ့ထွင်တင်ပို့နိုင်မည့် အခွင့်အရေးနှင့် ဆွဲဆောင်ကြလေ့ရှိသည်။ သို့ရာတွင် ယခုအိန္ဒိယနိုင်ငံအရေးတွင်မူ စိုးရိမ်ပူပန်မှုနှင့် ဆွဲဆောင်မှုမှာ အတော်လေးဘက်မမျှသကဲ့သို့ ဖြစ်နေလေသည်။ အိန္ဒိယက ၎င်း၏ အိုင်တီနည်းပညာ လုပ်ငန်းများအတွက် ဈေးကွက်သစ်များဖွင့်ပေးနိုင်ရန် ဆန္ဒပြင်းပြလျက်ရှိသော်လည်း အိုင်တီကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများအရေးမှာ ကုန်သွယ်ရေးညှိနှိုင်းရာတွင် ပါဝင်လေ့မရှိပေ။ ရှေ့ရေးအတွက် ရည်ရွယ်ချက်ကြီးကြီးမားမားနှင့် ချုပ်ဆိုသော သဘောတူညီမှုများတွင် ထိုကဲ့သို့သော လုပ်ငန်းနယ်ပယ်များအတွက် ထည့်သွင်းဆွေးနွေးလေ့ရှိသော်လည်း ထိုသဘောတူညီမှုများမှာလည်း ပြည်ပမှ အိုင်တီနှင့်နည်းပညာလုပ်ငန်းများကို ပြည်တွင်းသို့ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ရာ အိန္ဒိယဈေးကွက်အတွက် ခြိမ်းခြောက်မှုသာဖြစ်လျက်ရှိသည်။ ထို့ကြောင့် အိန္ဒိယအနေဖြင့် စိုးရိမ်ပူပန်စရာကသာများပြီး ၎င်းတို့လိုချင်သည့် အခွင့်အလမ်းအတွက် မျှော်လင့်စရာမှာမူ နည်းပါးလှသည့် အခြေအနေ ဖြစ်နေခြင်းဖြစ်သည်။
အိန္ဒိယမပါဝင်ခဲ့လျှင်ပင် RCEP သည် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံမိမည်ဖြစ်ပြီး လူဦးရေအချိုးအစားအရလည်း ထိုပမာဏလောက်အထိ ရှိမည်ဖြစ်သည်။ ပါဝင်သည့်အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အဆင့်အမျိုးမျိုးပင်ဖြစ်သည်။ အချမ်းသာဆုံးအဖွဲ့ဝင်(စင်္ကာပူ)၏ နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေမှာ အဆင်းရဲဆုံးအဖွဲ့ဝင် (မြန်မာ) ၏ နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေထက် အဆက် ၅၀ ခန့် ပိုမိုမြင့်မားလျက်ရှိသည်။ ဤသဘောတူညီမှုတွင် ထုံးစံအတိုင်း ကုန်စည်များအပေါ် အခွန်စည်းကြပ်မှု လျှော့ချဖြတ်တောက်ခြင်းများ ပါဝင်မည်ဖြစ်သလို ရင်းနှီးမြုပ်နှံမှုများ ပံ့ပိုးပေးခြင်းနှင့် အသိဉာဏ ဆိုင်ရာပိုင်ဆိုင်မှုများကို အကာအကွယ်ပေးမည့် စည်းမျဉ်းများလည်း ပါဝင်မည်ဖြစ်သည်။
RCEP အရ သယ်ယူပို့ဆောင်ရေး အကျိုးကျေးဇူးများလည်း ခံစားရရှိလိမ့်မည်ဖြစ်သည်။ ကုန်ပစ္စည်းထုတ်လုပ်သည့် မူလနိုင်ငံ သတ်မှတ်ခြင်းနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများမှာ အာဆီယံသဘောတူညီမှု တစ်ခုနှင့်တစ်ခု ကွဲပြားမှုများရှိနေရာ RCEP က ထိုစည်းမျဉ်းများအားလုံးကို ပေါင်းစည်းပေးသွားမည်လည်း ဖြစ်သည်။
RCEP တွင် သဘာဝပတ်ဝန်းကျင်အရေး၊ အလုပ်သမားအရေးနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော သတ်မှတ်ပြဋ္ဌာန်းချက်များကို ထည့်သွင်းထားခြင်းမတွေ့ရဘဲ ဤအလုံးစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်ဦးဆောင်သော သဘောတူညီမှုဟု ဝေဖန်မှုများလည်း ရှိနေသည်။ သို့ရာတွင် အာဆီယံနိုင်ငံများမှာ ထိုမျှလောက် အထိသဘောလွယ်သည့်ပုံ မရှိပေ။ ဆွေးနွေးညှိနှိုင်းမှုများကို အမြဲတမ်း အာဆီယံကသာ ဦးဆောင်ကျင်းပလျက်ရှိရာ ဝေဖန်မှုများ ထွက်ပေါ်နေသကဲ့သို့ တရုတ်စိတ်ကြိုက်ဦးဆောင်သော သဘောတူညီမှု မဟုတ်ဘဲ အာဆီယံ ဦးဆောင်သည့် သဘောတူညီမှုသာဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် စာရွက်အများအပြားကို ချုပ်စက်တစ်ခုတည်းဖြင့် ဖိုင်တစ်ခုတည်းဖြစ်အောင် ချုပ်ရသကဲ့သို့ ခက်ခဲကြန့်ကြာလျက်ရှိခြင်း ဖြစ်လေသည်။
မောင်ဖြိုး
(The Economist မှ Asia’s trade negotiators decide they can no longer wait for India ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ပါသည်။)